ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီးက တအောင်းလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ စစ်ကောင်စီကြား နှစ်ဖက်တိုက်ပွဲမှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ လေကြောင်းကနေအကြိမ်ကြိမ် တိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာက အရေးယူပေးဖို့ တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီက တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြာင်းတိုက်ခိုက်မှုအကြိမ် ၅၀ နီးပါး ပြုလုပ်ခဲ့ကာ ပေါင် ၅၀၀ ဗုံးတစ်မျိုးတည်း ၃ ကြိမ် တိုက်ခိုက်ခဲ့တာတွေရှိတဲ့အကြောင်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကုန်းသာကျေးရွာတွင် အိမ် (၄) လုံး မီးလောင်ပြာကျပြီး ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းအပါအဝင် တစ်ရွာလုံးနီးပါး ထိမှန်ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလို ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်မှုဟာ လူအခွင့်အရေးပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်လို့ နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဖို့ တအောင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ – TPCC က ဒီကနေ့ဒီဇင်ဘာ ၁၄ ရက်စွဲနဲ့ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဒီအခြေအနေတွေကြောင့် လက်ရှိမှာ ကုန်းသာကျေးရွာ၊ ဟူးမန်းကျေးရွာ၊ ပန်အလော့နဲ့ မန်လုံးကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ နမ့်ဆန်မြို့နဲ့ နီးစပ်ရာ ကျေးရွာတွေမှာ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်က ကုန်းသာနဲ့ ဟူးမန်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပါ စစ်ကူတွေပေးပြီး စစ်ကြောင်းထိုး တိုက်ခိုက်မှုမှာ နှစ်ဖက်အကျအဆုံးရှိတယ်လို့ TNLA ဘက်က ထုတ်ပြောထားပေမယ့် အတိအကျတော့ ပြောဆိုတာမရှိပါဘူး။