စံချိန်တင် အရေအတွက်ထိ များပြားတဲ့ တရုတ် ဗုံးကြဲလေယာဉ်ကြီးတွေရဲ့ အကဲစမ်း နှောင့်ယှက်မှုကို ကြုံတွေ့ခဲ့ရကြောင်း ထိုင်ဝမ် အစိုးရက အတည်ပြုခဲ့ပါတယ်။
နျူကလီးယား လက်နက်တွေ တင်ဆောင်နိုင်စွမ်းရှိတဲ့ H-6 ဗုံးကြဲလေယာဉ်ကြီး စုစုပေါင်း ၁၈ စီးဟာ ထိုင်ဝမ် လေပိုင်နက် အပြင်ဖက်က လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ထားရာ ဧရိယာထဲ ဝင်ရောက် ပျံသန်းခဲ့တယ်လို့ ကျွန်းနိုင်ငံငယ်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ် အနောက်တောင်ပိုင်းက လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ဧရိယာထဲကို ၂၄ နာရီအတွင်း ဗုံးကြဲလေယာဉ် ၁၈ စီး အပါအဝင် စုစုပေါင်း စစ်လေယာဉ် ၂၁ စီးထိ စေလွှတ်ပြီး ပျံသန်းစေခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းကနေ ၁၃ ရက် မနက်ပိုင်းထိ ၂၄ နာရီအတွင်း ထိုင်ဝမ် လေကြောင်းကာကွယ်ရေး ဇုန်ထဲမှာ တရုတ် ဗုံးကြဲလေယာဉ် ၁၈ စီးထိ ရောက်ရှိခဲ့တယ် ဆိုတာဟာ စံချိန်တင် အရေအတွက် ဖြစ်လာပါတယ်။
ADIZလို့ ခေါ်ဝေါ်တဲ့ လေကြောင်းကာကွယ်ရေး ဇုန်တွေဟာ ပြင်ပက ချဉ်းကပ် ဝင်ရောက်လာတဲ့ လေယာဉ်တွေရဲ့ သဘောထားနဲ့ ရည်ရွယ်ချက်ကို စုံစမ်းနိုင်ဖို့အတွက် နိုင်ငံတစ်ခုရဲ့ လေပိုင်နက် အပြင်ဖက်မှာ တရားမဝင် သတ်မှတ်ထားတဲ့ ဧရိယာတွေ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ လေပိုင်နက် မဟုတ်တာကြောင့် တခြားနိုင်ငံတွေက စစ်လေယာဉ်တွေ ဝင်ရောက် ပျံသန်းမှုကိုလည်း ကန့်ကွက်ပိုင်ခွင့် မရှိပေမယ့် လေကြောင်းကာကွယ်ရေး ဇုန်ထဲထိ ရောက်လာတဲ့ လေယာဉ်တွေကိုတော့ သက်ဆိုင်ရာ နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး တပ်တွေက မျက်စိဒေါက်ထောက် စောင့်ကြည့်ကြရပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ ကိုယ်ပိုင် သီးခြား ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ ဩဂုတ်လတုန်းက အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီဟာ ထိုင်ဝမ်ကျွန်းကို သွားရောက် လည်ပတ်ခဲ့တဲ့နောက် တရုတ်နဲ့ ထိုင်ဝမ်ကြားက တင်းမာမှုတွေဟာ ပိုပြီး သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ တရုတ်ဟာ ထိုင်ဝမ်တဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေကို ပိုမို အရှိန်မြှင့်လာသလို ထိုင်ဝမ် ရေလက်ကြားမှာ တိုက်လေယာဉ်တွေ ပျံသန်းမှု၊ စစ်သင်္ဘောတွေ အင်အားပြ ခုတ်မောင်းမှုတွေလည်း ပိုမို ထူထပ်လာကြောင်း သိရပါတယ်။