ထိုင်း-မြန်မာ နယ်စပ် မြစ်ရေယဉ်ကြောမှာ စီးမျောနေတဲ့ တရုတ်မြေအောက်လောက 

“ထိုင်းနဲ့ မြန်မာတို့ ဆိုတာက ရေလမ်းကြောင်းတစ်ခုလောက် ပိုင်းခြားထားရုံသာရှိပြီး သိပ်ကို ရင်းနှီး ကျွမ်းဝင်တဲ့၊ နီးကပ်တဲ့ အိမ်နီးချင်းတွေပါ”လို့ ဟောင်ကောင် အခြေစိုက် Yatai International Holding Groupက Facebook ဗီဒီယို တစ်ခုမှာ တဖွဲ့တနွဲ့ ညွှန်းဆိုထားပါတယ်။ အဲဒီ ဗီဒီယိုရဲ့ ရည်ရွယ်ချက်က တရုတ်-ထိုင်း-မြန်မာ စီးပွားရေး စင်္ကြံ ဖော်ဆောင်ရေး ပုံရိပ်ကို မြှင့်တင်ဖို့သက်သက် ဖြစ်ပါတယ်။ 

အဲဒီရေလမ်းကြောင်းဖြစ်တဲ့ သောင်ရင်း မြစ်ကမ်းမှာ ဖော်ဆောင်နေတဲ့ ရွှေကုက္ကိုလ်(မြိုင်) ပရောဂျက်ဟာ ဒေါ်လာ ၁၅ ဘီလီယံတန် အနာဂတ် မြို့တော်ကြီး တစ်ခု တည်ဆောက်နေမှုအဖြစ် မှတ်ယူခြင်း ခံနေရပါတယ်။ ၁၉၄၈ ကစလို့ ဒေသခံ ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေက ဗဟိုအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တော်လှန်ခဲ့ပြီး ပဋိပက္ခတွေ ထူပြောနေတဲ့အပြင် ငှက်ဖျားရောဂါလည်း အရမ်းဖြစ်တဲ့ ကရင်ပြည်နယ်မှာတော့ အဲဒီ မြို့သစ် စီမံကိန်း အကောင်အထည် ဖော်မှုတွေဟာ အတော်လေး အရှိန်ရနေပါပြီ။ 

တရုတ် အစိုးရရဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု မဟာဗျူဟာ စီမံကိန်းကြီး (BRI)နဲ့ပဲ ဆက်စပ်မှု ရှိသယောင်​ယောင် ဟန်ဆောင်ထားတဲ့ အဲဒီ မြို့သစ် ပရောဂျက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရက မေးခွန်းထုတ်ခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက လူသိရှင်ကြား ငြင်းချက် ထုတ်ခဲ့ပါတယ်။ အဲဒီ မြို့သစ်ဟာ ထိုင်းနိုင်ငံက မဲဆောက်ဒေသရဲ့ မြောက်ပိုင်းလောက်မှာ ကပ်လျက် တည်ရှိနေပါတယ်။ အဲဒီနေရာမှာ သိပ္ပံ၊ နည်းပညာနဲ့ စက်မှု ဇုန်တွေ၊ အနားယူ အပန်းဖြေနိုင်မယ့် ကမ္ဘာလှည့် ခရီးသွား ဧရိယာတွေ၊ တိုင်းရင်းသား ယဉ်ကျေးမှု ဧရိယာတွေ၊ စီးပွားရေးနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်း ဧရိယာတွေအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကိုက်ညီမယ့် စိုက်ပျိုးရေး ဇုန်တွေကိုပါ ဖော်ထုတ်သွားမယ်လို့ မြို့သစ် စီမံကိန်းကို လော်ဘီလုပ်နေတဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ဖော်ပြထားပါတယ်။ နောက်ပြီး စစ်လက်နက် ပစ်ခတ်မှု လေ့ကျင့်ရေးအတွက် သီးသန့်နေရာ တစ်ခုတောင် ထည့်သွင်းထားမယ်လို့လည်း ဆိုပါတယ်။ 

ရွှေကုက္ကိုလ်ဟာ မြန်မာနိုင်ငံရဲ့ ဆီလီကွန်တောင်ကြား ရပ်ဝန်း ဖြစ်လာပြီး အိန္ဒိယ သမုဒ္ဒရာနဲ့ တောင်တရုတ် ပင်လယ်ကြားက ရေကြောင်း ပိုးလမ်းမကြီးကို ဆက်စပ်ပေမယ့် ကုန်းတွင်း စင်္ကြံဆန်ဆန် အဓိက လမ်းကြောင်းတစ်ခု အသွင်ပါ ဆောင်လာမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါသေးတယ်။ 

ဒါပေမဲ့ လက်တွေ့ အရှိတရားကတော့ အဲဒီထက် အများကြီး ပိုပြီး မှောင်ရိပ်သန်းပါတယ်။ ရွှေကုက္ကိုလ်ဟာ အွန်လိုင်း လောင်းကစားမှု၊ ငွေကြေး လိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေလို ရာဇဝတ် လုပ်ငန်းတွေအတွက် အသိုက်အမြုံကြီး တစ်ခုအဖြစ် လူသိများပါတယ်။ ရွှေကုက္ကိုလ်နဲ့ BRIတို့ကြားမှာ ဆက်နွှယ်မှု ရှိသလိုလို ပုံဖော်ထားတာတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက သံသယ ဝင်လာတဲ့နောက် ၂၀၂၀ ပြည့်နှစ်မှာ ထိုင်းဖက်က အဲဒီမြို့သစ်ဆီ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး ကွန်ရက် ထောက်ပံ့ထားတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အရမ်း အရေးကြီးတဲ့ အဲဒီ အခြေခံ လိုအပ်ချက်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်က ဒီမိုကရေစီ အစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့နောက် နှစ်ပတ်အတွင်း ပြန်လည် အသက်ဝင်လာပါတယ်။ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်သင့်တဲ့ အခြေအနေတွေ ရှိလာစေတဲ့ အကြောင်းတရားဟာ ဒီတစ်ခုတည်းတော့ မကပါဘူး။ 

ရေတိမ်ပြီး လေထန်တဲ့ သောင်ရင်းမြစ်ရဲ့ တောင်ဖက်ခြမ်း တလျှောက်မှာ ရာဇဝတ် နယ်မြေတွေက ချက်ချင်းဆိုသလို အလျှိုအလျှို ထွက်ပေါ်လာပါတယ်။ သောင်ရင်းမြစ်ဟာ နှစ်စဉ် အပူချိန် အမြင့်ဆုံး လတွေမှာဆိုရင် ခြေလျင် ဖြတ်ကူးလို့ ရတဲ့ထိ ရေခန်းတတ်ပါတယ်။ ရွှေကုက္ကိုလ်ဟာ အရှေ့တောင် အာရှရဲ့ အမှောင်ဖုံးနဲ့ နှလုံးသည်းပွတ် အသစ်တစ်ခု၊ ဥပဒေမဲ့ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP)က ထုတ်ပြန်တဲ့ အစီရင်ခံချက်စာမှာ ဒီကိစ္စကို စောင့်ကြည့် လေ့လာနေတဲ့ ပရင်ဆယ်လာ ကလပ်နဲ့ ဂျေဆန် တာဝါတို့က ကမ္ဘာ့ လုံခြုံရေးကို ပိုမို ခြိမ်းခြောက်လာမယ့် ကိစ္စတစ်ခု အနေနဲ့ ထည့်သွင်း မှတ်ချက် ပေးထားပါတယ်။ 

“ကိုဗစ် ကပ်ရောဂါက ပျံ့နှံ့ ကူးစက်နေခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် မတ်လ အတောအတွင်း မြစ်ကမ်းတလျှောက် ကီလိုမီတာ ၄၀ လောက် အကွာအဝေးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင် အသစ်တွေ အလျှိုအလျှို ပေါ်ပေါက်လာနေတယ်”လို့ ကလပ်နဲ့ တာဝါတို့ရဲ့ အစီရင်ခံမှုမှာ ဖော်ပြထားပါတယ်။ 

“အဲဒီ ဧရိယာထဲမှာ ဒုစရိုက်ဇုန်လို့ သတ်မှတ်နိုင်တဲ့ ရပ်ကွက် ၅ ခုလောက်ကို USIPက အတည်ပြု ဖော်ထုတ်ထားနိုင်ခဲ့ပြီးသားပါ”လို့လည်း သူတို့က ရေးသားထားတယ်။ အဲဒီနေရာတွေ အမှန်တကယ် တည်ရှိတယ် ဆိုတာကို Google Mapအရရော၊ နယ်စပ်နားကို သွားရောက်လည်ပတ် လေ့လာခြင်းနဲ့ပါ အတည်ပြုထားနိုင်ပါတယ်။ ထိုင်းရဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာတို့နဲ့ စုဆုံနေရာ နယ်စပ်နားက မသင်္ကာစရာ အထူးစီးပွားရေး ဇုန်တွေရဲ့ သင်္ကေတ လက္ခဏာ တစ်ခုဖြစ်တဲ့ ကာစီနိုရုံကြီးတွေကတော့ အဲဒီ ဆောက်လုပ်ရေး စီမံကိန်းတွေ နေရာတိုင်းမှာ ရှိမနေပါဘူး။ နောက်ပြီး ဂိုဒေါင်တွေနဲ့ စက်ရုံ နေရာတွေလည်း မရှိပြန်တာကြောင့် အဲဒီ ဆောက်လုပ်ရေး ဆိုက်အသစ်တွေကို အထူးစီးပွားရေး ဇုန်တွေအနေနဲ့ သတ်မှတ်လို့လည်း မရလောက်ဘူး။ USIPက ဇုန်တွေလို့ သုံးနှုန်း သတ်မှတ်ထားတဲ့ နေရာတွေမှာ လူတွေကို ထိန်းသိမ်း ချုပ်နှောင်ထားတာမျိုး ရှိနိုင်ပြီး တချို့နေရာတွေမှာဆို အခန်းကျဉ်း တစ်ခုထဲမှာ လူခြောက်ယောက်လောက် ပြွတ်သိပ်ပြီး ထည့်ထားတယ်လို့ ဆိုတယ်။ 

“မြို့လို နေရာလေးတွေ အလျှိုအလျှို ပေါ်လာတယ် ဆိုတာထက် နယ်နှင် ရာဇဝတ်သားတွေ စုဝေးနေကြတဲ့ Penal Colonyလေးတွေနဲ့ ပိုပြီးတူတယ်”လို့ USIPက မှတ်ချက် ပေးထားပါတယ်။ တကယ်လည်း အဲဒီနေရာတွေမှာ ၄ မီတာ မြင့်ပြီး အပေါ်မှာလည်း သံဆူးကြိုးခွေတွေ ထပ်ဆင့်ပြီး ကာထားတဲ့ နံရံတွေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နေရပါတယ်။ တချို့ နေရာတွေမှာဆိုရင် ကင်းမျှော်စင်တွေကိုပါ တည်ဆောက်ထားတာကြောင့် ချွေးတပ်စခန်းတွေကိုတောင် အမှတ်ရသွားစေပါလိမ့်မယ်။ 

ထိုင်းဖက်ခြမ်းကို လှမ်းကြည့်မယ် ဆိုရင်တော့ မြစ်ဖက်ကို ဦးလှည့်ပြီး စိုက်ထူထားတဲ့ 5G ဆက်သွယ်ရေး ကွန်ရက် တာဝါတိုင် အသစ်တွေကို တွေ့ရပါလိမ့်မယ်။ မြစ်ကြောင်းတလျှောက် နေရာ တော်တော်များများမှာ ကွန်ကရစ် လျှောစောက်တွေ ဖြန့်ကျက် တည်ဆောက်ထားပါတယ်။ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ တခြား အသုံးအဆောင်တွေ တင်ဆောင်လာတဲ့ ထရပ်ကားကြီးတွေ ဖြတ်ကူးတဲ့ အခါမှာ ပိုမို လွယ်ကူစေဖို့ ဖြစ်ပါတယ်။ 

တကယ်တော့ မဲစောက်ဟာ သယ်ယူပို့ဆောင်ရေး ကဏ္ဍနဲ့ ပတ်သက်ရင် အရေးအပါဆုံး စုရပ် မြို့တစ်ခု ဖြစ်နေပြီးသားပါ။ အာရှ အမှတ် ၁ အဝေးပြေး လမ်းမကြီးပေါ်မှာ တည်ရှိနေသလို သောင်ရင်းမြစ်ကို ဖြတ်သန်းပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကနေတဆင့် မြန်မာ ဖက်ခြမ်းက မြဝတီမြို့ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ လောလောဆယ်တော့ အဲဒီတံတားကို ပိတ်ထားပါတယ်။ မြန်မာဖက်ခြမ်းကို လှမ်းမျှော်ကြည့်မယ်ဆိုရင် ဇွန်လတုန်းက ပြင်းထန်တဲ့ ကားဗုံး ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ထားတဲ့ အဆောက်အအုံ တစ်ခုကို တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လူပေါင်း သောင်းနဲ့ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်တွင်း ပဋိပက္ခတွေကို မြင်သာ ထင်ဟပ်စေမယ့် အထောက်အထား တစ်ခုပါပဲ။ မြဝတီရဲ့ မြောက်ဖက်မှာတော့ အကောက်ခွန် စစ်ဆေးရေးဂိတ်တွေ ထားရှိတဲ့ နောက်ထပ် တံတားတစ်စင်း ရှိပါတယ်။ မြန်မာဖက်မှာ မငြိမ်သက်မှုတွေ ဆက်လက် ဖြစ်ပွားနေပေမယ့် အဲဒီမှာတော့ ကုန်တင် ကွန်တိန်နာကြီးတွေကို အသွားအလာ ဆက်ပြီး ခွင့်ပြုထားပါတယ်။ 

အနောက်ဖက် ၁၇၅ မီတာလောက် အကွာအဝေးကို ကားမောင်းသွားရင် အိန္ဒိယ သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ် ထွက်ပေါက်ဖြစ်တဲ့ မော်လမြိုင်ကို ရောက်ရှိနိုင်ပါတယ်။ ၁၉ ရာစု အစောပိုင်းက အောက်မြန်မာနိုင်ငံကို ဗြိတိသျှတွေ သိမ်းယူလိုက်တဲ့နောက် မော်လမြိုင်မှာ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် ဆိပ်ကမ်း တစ်ခုကို စတင် တည်ဆောက်ခဲ့ပါတယ်။ Yataiက ရည်ညွှန်းတဲ့ ရေကြောင်း ပိုးလမ်းမကြီး ဆိုတာက မော်လမြိုင်ကို ထိုင်းရဲ့ အကြီးဆုံး ဆိပ်ကမ်းဖြစ်တဲ့ လေယမ်ချာဘန်နဲ့ ကုန်းလမ်းခရီး ဆက်သွယ်ပြီး အဲဒီကတဆင့် တရုတ် အရှေ့တောင်ပိုင်း၊ ကွမ်ကျိုးမှာရှိတဲ့ အကြီးစား ဆိပ်ကမ်းကြီးနဲ့ ချိတ်ဆက်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ 

Yataiရဲ့ အဓိက ပရောဂျက်ကြီး တစ်ခုဖြစ်တဲ့ ရွှေကုက္ကိုလ် မြို့ပြ စီမံကိန်းဟာ ကော့မူးရာနယ်မြေထဲမှာ တည်ရှိနေပါတယ်။ အဲဒီ ဒေသမှာ ကရင် အမျိုးသား လွတ်မြော်ကရေးတပ် (KNLA)ရဲ့ တပ်မ ၁၀၁ က ၁၉၉၄ ခုနှစ်ထိ အထိုင်ချ တပ်စွဲထားခဲ့ဖူးပါတယ်။ မျက်မှောက် ကာလမှာတော့ နယ်စပ်နားက အဲဒီ ဧရိယာကို ကရင် ခွဲထွက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (KBGF)က ထိန်းချုပ်ထားပါတယ်။ KBGFဟာ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး စီးပွားရေး ပူးပေါင်း လုပ်ဆောင်နေသလို ရွှေကုက္ကိုလ်မှာ Yataiနဲ့ အတူယှဉ်တွဲပြီး ရုံးခန်း ဖွင့်ထားပါတယ်။ ဒီအခြေအနေတွေကို ခြုံငုံကြည့်မယ်ဆိုရင် ထင်ကြေးသက်သက်ပဲ ဖြစ်နေတယ် ဆိုဦးတော့၊ တရုတ်ရဲ့ မြေအောက်လောကနဲ့ မြန်မာ စစ်ကောင်စီကြား တိုက်ရိုက် ဆက်နွှယ်မှုတွေ ရှိနေလိမ့်မယ်လို့ ညွှန်ပြနေပါတယ်။ 

Yataiကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက် မပေးပါဘူး။ သူတို့က မြို့သစ်ဟာ သောင်ရင်း မြစ်ကမ်းတလျှောက် ၁၉ ကီလိုမီတာလောက် ရှည်လျားပြီး ၁၂၀ စတုရန်း ကီလိုမီတာလောက် ကျယ်ဝန်းမယ်လို့ မျှော်မှန်းထားတယ်။ အဲဒီ ပမာဏဟာ တရုတ်နိုင်ငံမှာ လောင်းကစားကို တရားဝင် စီးပွားရေးအဖြစ် သတ်မှတ် လုပ်ကိုင်ခွင့် ပြုထားရာ တစ်ခုတည်းသော ဒေသဖြစ်တဲ့ မကာအိုထက် နည်းနည်းလေး ပိုကျယ်ပါတယ်။ 

ဒါပေမဲ့ ကိုဗစ် ကပ်ရောဂါကြောင့် Lockdown သတ်မှတ်မှုတွေရယ်၊ ကာစီနို လောင်းကစား အပျော်အပါး ကိစ္စတွေကို တရားဝင် ဖိနှိပ်လာတာတွေရယ်ကြောင့် မကာအိုရဲ့ လောင်းကစားက ရရှိတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်မှာ အခုရာစုနှစ်အတွက် စံချိန်တင် ပမာဏထိ ကျဆင်းသွားခဲ့ပါတယ်။ တကယ်တော့ ပေါ်တူဂီ ကိုလိုနီဟောင်း ဖြစ်ခဲ့တဲ့ မကာအိုကနေ ကာစီနို လုပ်ငန်းရှင်တွေဟာ ၂၀၁၆ လောက် ကတည်းက နည်းနည်းချင်းစီ ဆုတ်ခွာနေပြီး စည်းမျဉ်း တင်းကျပ်မှု လျော့နည်းတဲ့ တခြား နယ်မြေတွေဆီ ပြောင်းရွှေ့လာကြပါတယ်။ ဥပမာ အနေနဲ့ဆိုရင် ကမ္ဘောဒီးယားမှာရှိတဲ့ ဆီဟန်နွတ်ခ်ဗီးလ်နဲ့ ပွိုင်ပက်တို့လို နေရာတွေပေါ့။ နောက်တော့ လာအို၊ မြန်မာတို့နဲ့ နယ်နိမိတ် ထိစပ်နေရာ ထိုင်းနယ်စပ်နားမှာ စည်းမျဉ်း တင်းကျပ်မထားဘဲ တရားဥပဒေ စိုးမိုးမှုထက် ဘောင်ကျော်နေတဲ့ လောင်းကစားဝိုင်းတွေ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာစေခဲ့ပါတယ်။ အွန်လိုင်း လောင်းကစားမှု နည်းပညာနဲ့ အခြေခံ အဆောက်အအုံတွေကိုလည်း ငွေကြေး လိမ်လည်မှုအတွက် ကိုယ်ကျိုးရှာ အသုံးချလာရာက ဒေသတွင်းမှာ scamdemicလို့ ခေါ်တဲ့ လိမ်လည်မှု ကူးစက်ကပ်ဘေးမျိုး စတင် ပေါ်ပေါက်လာပါတော့တယ်။ 

ရွှေကုက္ကိုလ်မှာ ရှိနေတဲ့ အဓိက ကာစီနိုရုံကြီးကတော့ အားလုံးနီးပါးထက် ပိုကြီးမားပါတယ်။ အဲဒီမြို့တော် စီမံကိန်းကို အဓိက တွန်းအားပေး အကောင်အထည် ဖော်နေသူက ရှီဇီကျန်း တဖြစ်လဲ ဒိုင်လန်ရှီဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့ကိုယ်သူတော့ Yataiရဲ့ ဥက္ကဋ္ဌအဖြစ် ကြေညာထားပါတယ်။ သူက တရုတ်ရဲ့ နိုင်ငံရပ်ခြား စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှာ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ အဲဒီ အဖွဲ့အစည်းအပြင် နိုင်ငံရပ်ခြားက ပြန်လာတဲ့ တရုတ်နိုင်ငံသားများဆိုင်ရာ အဖွဲ့ချုပ်ကလည်း ရွှေကုက္ကိုလ် စီမံကိန်းကို အားပေး ထောက်ခံထားကြပါတယ်။ 

တရုတ်ရဲ့ Caixin သတင်းဌာနက ဖော်ပြမှုအရ ရှီဟာ ၂၀၁၂ ခုနှစ် ကတည်းက တရုတ် အာဏာပိုင်တွေ လက်ကနေ ထွက်ပြေး တိမ်းရှောင်နေခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဖိလစ်ပိုင်တို့မှာ လောင်းကစားလုပ်ငန်း ကွန်ရက်တွေကို ထူထောင်ခဲ့တယ်။ ဩဂုတ်လကစလို့ သူဟာ ထိုင်းနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး ဗျူရိုရဲ့ အကျဉ်းခန်း တစ်ခုထဲ ရောက်သွားပါတော့တယ်။ အခုဆိုရင် ရှီဟာ တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးမယ့် အချိန်ကို ထိုင်စောင့်နေရပါပြီ။ ဒါပေမဲ့ သူက ကမ္ဘောဒီးယား နိုင်ငံသား အဖြစ်လည်း ခံယူထားတာကြောင့် အဲဒီကိစ္စမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ်ထွေးမှုတွေ ကြုံနေရပါတယ်။ ရှီ အဖမ်းခံထားရပေမယ့်လည်း Yataiကတော့ သူတို့ရဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေဆဲပါ။ 

အသက် ၄၀ အရွယ် ရှီဟာ ဟူနန်မှာ​ မွေးဖွားပေမယ့် တရုတ်မှာ ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်လို့ စွပ်စွဲခံရသူ အများစု နည်းတူ ကမ္ဘောဒီးယား နိုင်ငံသား ပတ်စ်ပို့တ်ကို ကိုင်ဆောင်ထားပါတယ်။ အဲဒီ ပတ်စ်ပို့တ်ကို ဒေါ်လာ နှစ်သိန်း ဝန်းကျင်လောက်နဲ့ တရားဝင် ဝယ်ယူလို့ ရပါတယ်။ တရုတ် ပြည်မကြီးမှာ ဒုစရိုက်ဂိုဏ်းတွေကို သုတ်သင် ရှင်းလင်းမှုတွေနဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သစ္စာဖောက်မှုကိုပါ ကြုံရနိုင်တာကြောင့် တချို့သော သံသယ တရားခံတွေက လွတ်လမ်း ကြိုရှာလာကြဟန် ရှိတယ်လို့ လေ့လာသူတွေကတော့ သုံးသပ်ပါတယ်။ အခုကျတော့ သူတို့က တရားဝင် စီးပွားရေး လုပ်ငန်းရှင်တွေ ပုံဖမ်းပြီး အရှေ့တောင်အာရှ တဝိုက်မှာ ကျင်လည် ကျက်စားနေကြပါတယ်။ 

နောက်ပြီး ရှီဟာ မြဝတီ အရှေ့တောင်ဖက် မနီးမဝေးက KK Parkနဲ့လက် အဆက်အစပ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်။ အသစ်ပေါ်ပေါက်လာတဲ့ မြို့ကွက်လေးတွေထဲမှာ KK Parkဟာ နာမည်ဆိုးနဲ့ အကျော်ဇောဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ မလေးရှား၊ ထိုင်ဝမ်နဲ့ အိန္ဒိယ နိုင်ငံသားတွေဟာ ပြန်ပေးငွေ တောင်းခံဖို့နဲ့ အွန်လိုင်း လိမ်လည်မှုတွေမှာ အသုံးချ ခံရဖို့အတွက် အဲဒီကို မှောင်ခို တင်ပို့ ခံရတယ်။ ပြီးတော့ ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်တိုင် ငွေကြေးပေးချေပြီး ပြန်ဝယ်ယူရပါတယ်။ 

Googleရဲ့ မြေပုံတွေထဲမှာတော့ KK Parkကို ဆိုးယုတ်တဲ့ နေရာတစ်ခုအဖြစ် မှတ်သားထားကြတာကို တွေ့နိုင်ပါတယ်။ KK Zone၊ ဒါမှမဟုတ် KK Gardenလို့လည်း ခေါ်ဝေါ်လေ့ရှိတဲ့ နေရာကို မကောင်းတဲ့ အမှတ်အသားမျိုးတွေကို မလေးရှားနဲ့ တရုတ်နိုင်ငံသား အများစုက သတ်မှတ် ပေးထားလေ့ ရှိတယ်။ တစ်ယောက်ကဆိုရင် KK Parkရဲ့ တည်နေရာကို အင်္ဂလိပ် ဘာသာနဲ့ ထောင်လို့ ရေးမှတ်ပေးထားပါတယ်။ အဲဒီနေရာဟာ ဘေးချင်းယှဉ်ပြီး အပြင်ဖက် နံရံမှာ ပြတင်းပေါက် တပ်ဆင်မထားတဲ့ အဆောက်အအုံ နှစ်ခု ဖြစ်ပါတယ်။ အလယ်မှာတော့ အတော်လေး ခမ်းနားထည်ဝါတဲ့ ဇိမ်ခံအိမ်ကြီး နှစ်လုံးက နောက်ထပ် ကွန်ကရစ် နံရံမြင့်ကြီး ဝန်းရံလျက်သား ပုံစံမျိုးနဲ့ တည်ရှိနေပါတယ်။ 

“ပြောရရင်တော့ သောင်ရင်း တစ်ခုလုံးက ရာဇဝတ် မြစ်ကြောကြီး ဖြစ်လာတာပေါ့”လို့ တာဝါက Nikkei Asiaကို ပြောပါတယ်။ “မြစ်တစ်ဖက်ကမ်းကို လှည့်စား ခေါ်ဆောင် ခံရသူတွေ အရေအတွက်က တိုးသထက် တိုးလာတယ်။ အဲဒီရောက်ရင် သူတို့ကို ဖမ်းဆီး ချုပ်နှောင်ပြီး ပြန်ပေးငွေ တောင်းခံတော့တာပဲ”လို့ သူက ဆက်ပြောပါတယ်။ ဒါတောင်မှ ပြန်ပေးငွေပေးတိုင်း အဖမ်းခံရသူက ပြန်လွတ်မယ်ဆိုတဲ့ အာမခံချက် မရှိဘူးလို့လည်း သူက ဆိုတယ်။ 

ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေကြောင့် Lockdownတွေ ကြေညာတဲ့ အချိန်မတိုင်ခင် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းလောက်တုန်းက ထိုင်းသတင်းထောက် တစ်ဦးဟာ မြဝတီမှာရှိတဲ့ ကာစီနိုရုံတွေဆီ သွားရောက် လည်ပတ် ကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာ ကမ္ဘောဒီးယား ပတ်စ်ပို့တ်အတွက် အရောင်းအဝယ် လုပ်ပေးသူတွေနဲ့ လောင်းကစားဒိုင်တွေ တပြုံတမကြီးကို တွေ့မြင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ တရုတ်ရဲ့ မေတ္တာရပ်ခံမှုကြောင့် ကမ္ဘောဒီးယား အစိုးရက အွန်လိုင်း လောင်းကစားမှုတွေကို ဖိဖိစီးစီး ဖြိုခွင်းလာတဲ့နောက် ကာစီနိုရုံ ဝန်ထမ်းတွေဟာ ဆီဟန်နွတ်ခ်ဗီးလ်ကနေ နေရာရွှေ့လာကြတာပါ။ အဲဒီ နေရာတွေမှာ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေက ဗြောင်ကျကျ လှုပ်ရှား လည်ပတ်နေတာကို ထိုင်းသတင်းထောက် တွေ့မြင်ခဲ့ပါတယ်။ 

လူမှောင်ခို ကူးရာမှာလည်း မလေးရှား နိုင်ငံသားတွေက ပိုပြီး ပစ်မှတ်ထား ခံရလေ့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မန်ဒရင်း တရုတ်စကားကို လည်လည်ပတ်ပတ် ပြောဆိုတတ်တာကြောင့် တရုတ် ပြည်မကြီးမှာ ရှိနေသူတွေရော၊ Lockdownကြောင့် တခြားနိုင်ငံတွေမှာ ပိတ်မိနေတဲ့ တရုတ် နိုင်ငံသားတွေကို ဆက်သွယ်ပြီး လိမ်လည်ရာမှာ ပိုမို အထောက်အကူ ဖြစ်စေတာကြောင့်ပါ။ အင်္ဂလိပ် စကားပြောတတ်တဲ့ တခြား မလေးရှား နိုင်ငံသားတွေ ဆိုရင်လည်း တခြားနိုင်ငံတွေက လိမ်လည်မှု စျေးကွက်တွေအတွက် အသုံးချ ခံရတယ်။ ဒီကိစ္စမျိုးက ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အာဖရိက ဒေသတွင်း နိုင်ငံတွေက လူကုန်ကူး ခံရသူတွေလည်း ကြုံတွေ့ရပါတယ်။ အများစုကတော့ မက်လောက်စရာ အလုပ်ခေါ်စာ အတုအယောင်တွေနဲ့ မက်လုံးပေး သိမ်းသွင်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ 

USIPက မြန်မာနိုင်ငံထဲမှာ၊ အထူးသဖြင့် သောင်ရင်း မြစ်ကမ်းတလျှောက်မှာ နိုင်ငံခြားသား တစ်သိန်းကျော်လောက် ပိတ်မိနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘန်ကောက်မှာ အခြေစိုက်ပြီး အခုကိစ္စကို စေ့စေ့စပ်စပ် စောင့်ကြည့် လေ့လာနေတဲ့ အရှေ့တောင်အာရှ သံအရာရှိ တစ်ဦးကတော့ လက်တွေ့မှာ ကိန်းဂဏန်းတွေက အဲဒီထက်တောင် ပိုများနိုင်တယ်လို့ ပြောပါတယ်။ အခုအချိန်ထိလည်း မလေးရှား နိုင်ငံသားတွေက မြန်မာနိုင်ငံကို လူကုန်ကူး ခံခဲ့ရာကနေ နေရပ် ပြန်ခွင့်ရဖို့ တောင်းခံတဲ့ ကိစ္စတွေ ထွက်ပေါ်လာနေဆဲပါ။ 

တတိယထပ် ပြတင်းပေါက်ကနေ စွန့်စွန့်စားစား ခုန်ချပြီး မဲဆောက်ကနေတဆင့် လွတ်မြောက်လာတဲ့ မလေးရှား နိုင်ငံသား တစ်ယောက်ကတော့ အဆောက်အအုံ အသီးသီးမှာ ထိန်းသိမ်း ခံထားရသူ ထောင်နဲ့ချီ တွေ့မြင်ခဲ့တယ်လို့ အခိုင်အမာ ပြောပါတယ်။ မဲဆောက်ရဲ့ အဓိက ရဲစခန်းနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်နေတဲ့ ထိုင်းရှေ့နေ တစ်ဦးကတော့ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဗျူရိုက နေရပ် ပြန်ပို့လိုက်တဲ့ အသက် ၁၅ နှစ်အရွယ် မလေးရှား လူငယ်နှစ်ယောက်ရဲ့ ကိစ္စကို ကူညီ ဆောင်ရွက်ပေးခဲ့ဖူးကြောင်း Nikkei Asiaကို ပြောပါတယ်။ 

အမှီအခိုကင်းတဲ့ Surviveဆိုတဲ့ ကွန်ရက် အဖွဲ့အစည်း တစ်ခုကို ထူထောင်ပြီး လူကုန်ကူးမှု သားကောင်တွေကို လိုက်လံ ကူညီပေးနေတဲ့ ထိုင်းနိုင်ငံသား အက္ကပေါ့ လူယန်ပရာဆက်က လုံးဝ မမှတ်မိလောက်အောင် ရုပ်ဖျက်ထားတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ယောက်ကို ဧပြီလတုန်းက မီဒီယာတွေနဲ့ တွေ့ဆုံပေးခဲ့ပါတယ်။ အဲဒီ အမျိုးသမီး ခမျာလည်း အလုပ်ခေါ်စာ အတုတွေနဲ့ မက်လုံးပေး စည်းရုံး ခံရတာကြောင့် မြဝတီကနေ နယ်စပ်ကို ဖြတ်ဝင်ခဲ့ရာက ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ သူက ထွက်ပြေး လွတ်မြောက်လာနိုင်ပေမယ့် အနည်းဆုံး ထိုင်းအမျိုးသမီး ၃၀၀ လောက်ကတော့ အဖမ်းခံ၊ အသုံးချခံနေရဆဲ ဖြစ်ပါတယ်။ 

“ပိတ်မိနေသူတွေကို ကူညီပေးဖို့ ဆိုတာက မဖြစ်နိုင်လုနီးပါးပဲ”လို့ ဘန်ကောက်မှာ အခြေချနေတဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့ ဌာနေကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလက်စ်က Nikkeiကို ပြောပါတယ်။ 

“သောင်ရင်းမြစ် တစ်ဖက်ကမ်းက ပြောရရင် တခြား ဂြိုဟ်ကမ္ဘာ တစ်ခုပဲ။ အချုပ်အခြာ အာဏာ ကြီးစိုးမှုအတွက် အိပ်မက်ဆိုးပဲ။ ထိန်းမနိုင် သိမ်းမရကို ဖြစ်နေပြီ”လို့လည်း သူက ဆိုတယ်။ 

ဒေါက်ဂလက်စ်ကတော့ ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့ပါတယ်။ “နယ်စပ်တလျှောက် ပျံ့နှံ့နေတဲ့ ရာဇဝတ်သားတွေ၊ သူတို့ရဲ့ ကာစီနိုတွေနဲ့ လူလိမ် အဖွဲ့အစည်းတွေကို အင်တာနက် ကွန်ရက်တွေ၊ လျှပ်စစ်ဓာတ်အား အထောက်အပံ့တွေ အားလုံး ဖြတ်တောက်သင့်တယ်။ သူတို့က ကိုယ့်သဘောနဲ့ကိုယ် လုပ်ငန်း လည်ပတ်နေလို့ မရဘူး”လို့ သူက ထောက်ပြတယ်။ “နောက်ပြီး အဲဒီကို ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ဘယ်လို စီမံ ဆောင်ရွက် နေသလဲ ဆိုတာကို ဦးဆုံး စုံစမ်းရေးကိုလည်း အကြံပြု ထောက်ခံချင်ပါတယ်”လို့ ဒေါက်ဂလက်စ်က ပြောကြားသွားပါတယ်။ 

(Nikkei Asia သတင်းဌာနတွင် ဖော်ပြထားသည့် Chinese underworld floods to Thailand-Myanmar river border ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)