မန္တလေးမြို့ ၅၅ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာရှိတဲ့ zeus Bar ကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီကို အခွန်ပေးဆောင်ပြီး မူးယစ်ဆေးဝါးအသုံးပြုခွင့်ပေးနေတဲ့ ဘားတစ်ခုဖြစ်တာကြောင့် သတိပေးဖောက်ခွဲခဲ့တာဖြစ်တယ်လို့လည်း မြို့ပြပြောက်ကျားတွေက ထုတ်ပြန်ပါတယ်။
ဒီပေါက်ကွဲမှုကိုလည်း အနီးအနားမှာရှိတဲ့ နေထိုင်သူမြို့ခံတွေကDNA ကို အတည်ပြုပြောဆိုပါတယ်။
“ပေါက်ကွဲသံတော့ကြားတယ်။ လူတော့ထိခိုက်တာ မရှိနိုင်ဘူး ဘာလို့လည်းဆိုတော့ နေ့ခင်းကြောင်တောင်ကြီးဆိုတော့ လူသိပ်မရှိဘူး။ ဆိုင်ပိတ်မယ်လိုတော့ အသံမကြားမိသေးဘူး ” လို့ zeus Bar အနီးကနေထိုင်သူက ဆိုပါတယ်။
အဲဒီဖောက်ခွဲမှုကို NUG .FF မြေခွေးတပ်ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ Anonymous Force MDY ၊ VOMDY – Front Warrior ၊Truth Kepping Force တို့က လုပ်ဆောင်တာဖြစ်တယ်လို့ အဖွဲ့တွေကထုတ်ပြန်ပါတယ်။
အဲဒီ ဘားတွေမှာ မူးယစ်ဆေးဝါးများရောင်းဝယ်ရာနဲ့ ကလပ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခွင့်ပေးထားသလို စစ်ကောင်စီကို ဆက်ကြေးပေးလုပ်ဆောင်တာဖြစ်တဲ့အကြောင်း သက်သေတွေရရှိထားတဲ့အတွက် သတိပေးဖောက်ခွဲတာလို ‘’ မြို့ပြပြောက်ကျားတွေကဆိုထားပါတယ်။
မြို့ပြပြောက်ကျားတွေရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့” တိုက်ရိုက်ပေါ်တင် ရောင်းချပေးတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျာလိုချင်တာရှိတော့ အဲဒီလိုနေရာတွေမှာ အကုန်ရနိုင်တယ်ဗျ ” လို့ မန္တလေးမြို့ခံ လူငယ်တဦးကလည်း မှတ်ချက်ပြုပါတယ်။
အခုလပိုင်းအတွင်းမှာတော့မန္တလေးမြို့ထဲမှာ စစ်ကောင်စီလက်အောက်ကအုပ်ချုပ်ရေးမှူးရုံးတွေမှာလည်းမကြာခဏပေါက်ကွဲမှုတွေဖြစ်နေပြီး မြို့တွင်းရပ်ကွက်တွေထဲ စစ်ကောင်စီတပ်တွေကညဘက်စစ်ဆေးမှုတွေပိုလုပ်လာတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။