နမ့်ဆန်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်လို့ ကုန်းသာရွာတရွာလုံးကျွတ်ပျက်စီး

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီးမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) စခန်းကို စစ်ကောင်စီတပ်ရဲ့ တစ်ပတ်ကြာ ပြင်းပြင်ထန်ထန် ထိုးစစ်ဆင်နေမှုကြောင့် အနီးကကုန်းသာကျေးရွာ တရွာလုံးနီးပါးပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ဒီဇင်ဘာလ ၇ ရက်က စခဲ့တဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဖျက်အားပြင်းတဲ့ ပေါင် ၅၀၀ ဗုံးတွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှု (၅၀)နီးပါးခန့် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ TNLA ဘက်ကလည်း စစ်ရေးသတင်းထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် နမ့်ဆန်နဲ့ မန်တုံမြို့ထဲကိုလည်း ၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို ကျေးရွာတွေထဲကို ဆက်ပြီးပစ်ခတ်ခဲ့တာကြောင့် ကုန်းသာရွာမှာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် အိမ်ခြေ ၆၀ ပျက်စီးခဲ့ပြီး အိမ်ခြေ ၄လုံးကတော့ မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“ဟူးမန်းကတော့ ခုပဲ စစ်ရှောင် ၃ဦး ထပ်ရောက်လာတယ်။ ရွာတွေထဲမှာ ပိတ်မိနေသူတွေတော့ မရှိတော့ဘူး။ ဒါပေမဲ့ မပြေးပဲ ရွာတွေထဲ ပုန်းနေသူတွေတော့ ရှိပါတယ်။ ကုန်းသာကတော့ ဘုန်းကြီးကျောင်းရော၊ စာသင်ကျောင်းရော တစ်ရွာလုံးလိုလိုပဲ ပျက်စီးသွားတယ်။ ကုန်းသာကတော့ ပျက်စီးမှု အဆိုးဆုံးပဲ” လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

 

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်မြို့နယ်က ကုန်းသာနဲ့ ဟူးမန်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်နေမှုမှာ  နှစ်ဖက်အကျအဆုံးရှိတယ်လို့  TNLA က အတည်ပြုထားပေမယ့် အတိအကျကိုထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

 

ဒီတိုက်ပွဲကြောင့် ကုန်းသာ၊ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံးနဲ့ ဆာမ်ငမ်ရွာတို့က ဒေသခံစုစုပေါင်း (၁၀၀၀) ကျော်ဟာ ဇယန်ကြီးဘုန်းကြီးကျောင်းအပါဝင် နီးစပ်ရာ ရွာတွေမှာ စစ်ရှောင်နေရပါတယ်။

 

စစ်ရှောင်တွေထဲတွင် သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်တွေ ပါနေတဲ့အတွက် ဆေးဝါး၊ စောင်၊ စားသောက်ကုန်နဲ့ ကူညီစောင့်ရှောက်မဲ့ လုပ်အားပေးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပြကြပါတယ်။