မော်ရိုကို အသင်းကို လုံးဝ လျှော့မတွက်ဖို့ အသင်းဖော်တွေကို ပြင်သစ် နောက်ခံလူ ဗာရာနေး သတိပေး

မော်ရိုကို အသင်းကို နည်းနည်းလေးမှ လျှော့မတွက်ဖို့ အသင်းဖော်တွေကို ပြင်သစ် နောက်ခံလူ ရာဖာရဲလ် ဗာရာနေးက လေးလေးနက်နက် သတိပေးလိုက်ပါတယ်။

 

ပြင်သစ်နဲ့ မော်ရိုကို အသင်းတို့ဟာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။ ပြင်သစ်ဟာ လက်ရှိ ချန်ပီယံ ဖြစ်သလို ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ဖို့ အလားအလာတွေ ကောင်းမွန်နေပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ မော်ရိုကိုကတော့ အာဖရိကတိုက် ကိုယ်စားပြု အသင်းတွေထဲမှာ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲကို ပထမဆုံး ရောက်ရှိနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်ထက် သမ္ဘာရော၊ ကစားသမား အင်အားပါ သိသိသာသာ လျော့နည်းနေပါတယ်။

 

ဒါပေမဲ့ မော်ရိုကိုရဲ့ ညီညွတ်မှုနဲ့ ကစားအားက ကြောက်ခမန်းလိလိ ကောင်းမွန်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတလျှောက်မှာ ရှုံးပွဲ လုံးဝ မရှိသလို ဘယ်အသင်းကမှလည်း မော်ရိုကိုဖက်ကို ဂိုးမသွင်းနိုင်သေးပါဘူး။ အုပ်စုပွဲစဉ်မှာ ကနေဒါကို တစ်ဂိုး ပေးခဲ့ရတယ် ဆိုတာကလည်း မော်ရိုကို ကစားသမားက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာသာ ဖြစ်ပါတယ်။ နောက်ပြီး မော်ရိုကိုရဲ့ လက်ချက်ကြောင့် ဘယ်လ်ဂျီယမ်၊ စပိန်နဲ့ ပေါ်တူဂီတို့လို နာမည်ကြီး အသင်းတွေ ပြိုင်ပွဲက ဆက်တိုက် ထွက်ခွာခဲ့ရတာကြောင့် လုံးဝ ပေါ့ဆလို့ မရကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးက ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

 

ဒီပွဲစဉ်ဟာ ကမ္ဘာ့ဖလားရဲ့ အကြိုဗိုလ်လုပွဲအဆင့် ဖြစ်ကြောင်း၊ ကစားသမားတိုင်းက ရှိသမျှ အစွမ်းကုန် အိတ်သွန်ဖာမှောက် ပေးဆပ်ပြီး ကစားဖို့ လိုကြောင်း၊ မော်ရိုကို ကစားသမားတွေဟာ နိုင်ငံရဲ့ ဘောလုံးသမိုင်းသစ်ကို ရေးသားဖို့ အစွမ်းကုန် ကြိုးစားနေသလို စုစည်းမှု အားကောင်းတဲ့ အသင်းတစ်သင်းအဖြစ် အကောင်းဆုံး ကစားနေတဲ့အတွက် ယုံကြည်မှုလည်း မြင့်တက်နေကြောင်း ဗာရာနေးက ဆိုပါတယ်။

 

ပြင်သစ်ဟာ ၁၉၅၈ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်တွေမှာ နှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ ဘရာဇီး အသင်းနောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို အောင်အောင်မြင်မြင် ကာကွယ်နိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာဖို့လည်း မျှော်လင့်နေကြောင်း သိရပါတယ်။