မြောင်မြို့နယ် ဖွားစောရွာမှာ သုံးရက်ကြာ တပ်စွဲခဲ့တဲ့ စစ်တပ်က ရွာခံသုံးဦးကို ပစ်သတ်၊ နေအိမ် နှစ်ဆယ်ကျော်မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ဖွားစောကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်ကာ သုံးရက်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အဲ့ဒီရွာခံသုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဖွားစောရွာကို ဒီဇင်ဘာ (၁၀) ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ညပိုင်းမှာ စစ်ကြောင်းထွက်သွားပြီအထင်နဲ့ တောထဲတိမ်းရှောင်နေရာက ရွာကိုပြန်လာကြည့်တဲ့ ရွာခံ (၁၁) ဦး ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ရွာခံအမျိုးသားသုံးဦးဟာ အသက် (၂၀)၊ (၂၅) နဲ့ (၄၅) နှစ်အရွယ်ရှိသူတွေဖြစ်ပြီး တခြားရွာခံတွေလည်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာတွေရခဲ့ပြီး ပုန်းနေရာက ဒီကနေ့မှာ ပြန်လွတ်မြောက်လာလို့ ဆေးကုပေးနေရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဖွားစောရွာထဲ သုံးရက်ကြာ တပ်စွဲနေထိုင်ပြီးနောက် ဒီကနေ့အဲ့ဒီရွာက ပြန်ထွက်သွားတဲ စစ်တပ်က ရွာထဲကနေ အိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် (၂၁) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖွားစောရွာထဲ တပ်စွဲနေထိုင်ချိန်အတွင်း ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းဆွဲတာ တွေလုပ်ရင် ရွာကိုမီးရှို့မယ်လို့ စစ်တပ်က သတင်းလွှင့်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ဆိုပါ တယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ဒေသတွင်း ကျေးရွာတွေက ပြည်သူငါးထောင်ကျော် နီးစပ်ရာရွာတွေနဲ့ တောစပ်တွေမှာ တိမ်းရှောင်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ် မြို့နယ်ဖြစ်တဲ့ မြောင်မြို့နယ်ဟာ မြို့အရှေ့ဘက်မှာ ဧရာဝတီမြစ်ရှိသလို တောင်ဘက်မှာလည်း ချင်းတွင်းမြစ်ကမ်းကျေးရွာတွေ ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်မှုအားကောင်းတဲ့ မြို့တမြို့ဖြစ်ပြီး စစ်ကောင်စီကလည်း ကျေးရွာတွေကို မကြာမကြာ စစ်ကြောင်းထိုး လှုပ်ရှားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ (၅) ရက်ညပိုင်းကလည်း မြောင်နယ်ဆီမီးခုံဆိပ်ကမ်းကနေ စစ်တပ်ကပစ်ခတ်မှုတွေ လုပ်တာကြောင့် အသက် (၇၀) ကျော် အဘွားအိုတဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ (၆) ရက်မှာလည်း ကျောက်ရစ်ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်တပ်က ရွှေဘုံသာရွာအတွင်း စစ်ကြောင်းထိုးဝင်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါသေးတယ်။

မြောင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကျောက်ရစ်ကျေးရွာက ရဲစခန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလအတွင်း ဒေသခံတော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က အိမ်ခြေသုံးရာ ဝန်းကျင်ရှိတဲ့ ကျောက်ရစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲ့ဒီရွာထဲမှာ တပ်စွဲနေထိုင်ခဲ့ပါတယ်။

ကျောက်ရစ်ရွာမှာ အထိုင်ချထားတဲ့ စစ်တပ်ဟာ အနီးအနားကျေးရွာတွေထဲ မကြာမကြာ လှည့်ပတ်စစ်ကြောင်းထိုးလေ့ရှိပြီး နိုဝင်ဘာလကုန်ပိုင်းကလည်း ကျောက်ရစ်ရွာမြောက်ဘက်က ကင်း ကျေးရွာကို စီးနင်းကာ ပြည်သူတချို့ကို ဖမ်းဆီးရိုက်နှက်ခဲ့လို့ အသက် (၃၀) အရွယ် ကင်းရွာခံ အမျိုးသား ကိုဝင်းမင်းသန်းဆိုသူ သေဆုံးခဲ့ပါတယ်။