မော်လမြိုင်မှာ ဆိုင်ကယ်ကယ်ရီမောင်းသူနဲ့ ခရီးသည်တဦး ဓားထိုးလုယက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီဇင်ဘာ (၁၁) ရက် ည ၁၁ နာရီခွဲဝန်းကျင်က ဆိုင်ကယ်ကယ်ရီ အငှားလိုက်သူတဦးနဲ့ ခရီးသည်အမျိုးသမီးတဦး ဓားထိုးခံရပြီး ဆိုင်ကယ်လုယက်ခံရတယ်လို့ မြို့ခံတချို့က DNA ကိုပြောပါတယ်။

မော်လမြိုင်မြို့ အုတ်ဖိုရပ်၊ မြို့ပတ်လမ်းပေါ်မှာ ဓားဒဏ်ရာတွေနဲ့ လူနှစ်ဦးလဲကျနေတာကြောင့် ရဲတွေနဲ့ အနီးဝန်းကျင်က မြို့ခံတွေသွားကြည့်ရာက လုယက်ခံရမှုဖြစ်စဉ်ကို သိကြရတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“လမ်းမှာ လူနှစ်ယောက်လဲကျနေတာတွေ့လိုက်တာ၊ အစပိုင်းတော့ သွားမကြည့်ရဲကြဘူး၊ သက်ဆိုင်ရာကို ဖုန်းခေါ်ပြီး သူတို့လာကြည့်မှ သိရတာ၊ ဆိုင်ကယ်တက္ကစီသမား တစ်ဦးနဲ့ ခရီးသည်အမျိုးသမီးတဦးတို့ကို ဓားနဲ့ လည်ပင်း၊ ရင်ဘတ်မှာ ထိုးသွင်းခံခဲ့ရပြီး ဆိုင်ကယ်လုသွားတာ၊ ကောင်မလေးက လူငယ်ပိုင်းပါပဲ” လို့ သူကပြောပါတယ်။

လုယက်ခံရသူနှစ်ဦးမှာ ဓားဒဏ်ရာတွေ ကိုယ်စီရှိနေပြီး ဆိုင်ကယ်ကယ်ရီသမားက လည်ပင်းပြတ်ရှ ဒဏ်ရာ တချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာတချက် တွေ့ရသလို ခရီးသည်အမျိုးသမီးမှာလည်း လည်ပင်းပြတ်ရှ ဒဏ်ရာတချက်၊ နားရွက်ပြတ်ရှဒဏ်ရာတချက် ရရှိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုယက်ခံရသူတွေမောင်းနှင်လာတဲ့ ဆိုင်ကယ်ကိုတော့ အဲ့ဒီနေရာမှာ မတွေ့ရတော့ဘဲ လုယက်သူတွေက ယူဆောင်သွားတယ်လို့ သိရပါတယ်။

လုယက်ခံရသူတွေကို အချိန်မီဆေးရုံတင်ပို့ကာ ဆေးကုသမှုပြုလုပ်ထားပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိကာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးတာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်ကလည်း မော်လမြိုင်မြို့နယ်၊ ကော့ခနိကျေးရွာအနီးမှာ ဆိုင်ကယ်ကယ်ရီ အငှားလိုက်တဲ့ အမျိုးသားတဦး အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါ သေးတယ်။

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့မှာ တရားဥပဒေစိုးမိုးမှု နည်းပါးလာတဲ့အပြင် ပြည်သူတွေကို ကာကွယ်ပေးရမယ့် စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက သူတို့လုံခြုံရေးကိုသာ အဓိက အာရုံစိုက်နေကြတာကြောင့် နေအိမ်ထဲဝင်ရောက်ခိုးယူတာတွေ၊ လုယက်သတ်ဖြတ်မှုတွေ ပိုဖြစ်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။