အရှေ့ဒဂုံ မြို့နယ်လဝကရုံး ဗုံးပစ်တိုက် ခိုက်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊အမှတ် ၁၂၄ ရပ်ကွက်၊ အင်းဝလမ်း အတွင်းက မြို့နယ် လဝကရုံး ဒီကနေ့ ဒီဇင်ဘာ (၁၂)ရက် မနက်ပိုင်း မှာ ဗုံးပစ်တိုက်ခိုက်ခံရပြီး လူနှစ်ဦး ဒဏ်ရာ ရသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတချို့က ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့အမျိုးသားတဦးက  လဝက ရုံးအရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီ တပ်သားတွေရှိရာ ကင်းတဲထဲကို လက်ပစ်ဗုံးပစ်ဖောက် တိုက်ခိုက်ခဲ့တာလို့ (၁၂၄) ရပ်ကွက် မှာနေထိုင် သူတဦးက ပြောပါတယ်။

ဒါပေမယ့် လက်ပစ်ဗုံးက ကင်းတဲအပြင်ဘက်ကို ကျရောက်ပေါက်ကွဲပြီး ရုံးကို စာရွက်စာတမ်း လာလုပ်တဲ့ အမျိုးသားတဦးနဲ့အမျိုးသမီးတဦး အစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသွားသူနှစ်ဦးကိုမှု ကူညီကယ်ဆယ်ရေးကားနှစ်စီးနဲ့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ ဆေးကုသထားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရန်ကုန်မြို့ပြ မြေအောက်တော်လှန်ရေးအဖွဲ့တွေက သတင်း ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဒါ့အပြင် လှိုင်သာယာ အနောက်ပိုင်း မြို့နယ်၊ သမကုန်း ရွှေကမ်းသာယာ အိမ်ယာအနီးမှာ ဒီက နေ့လယ်ပိုင်းက မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံး တွေ့လို့ဆိုကာ စစ်သားတွေရောက်လာပြီး ပိတ်ဆို့ ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

“ဗုံးတွေ့တယ်ဆိုပြီး အဲ့ဒီနားကိုပိတ်လိုက် တာ တော့ရှိတယ်၊ဖောက်ခွဲပြီးရှင်းလိုက်တာတော့မဟုတ်ဘူး၊ဗုံးဟုတ်ချင်မှလည်းဟုတ်မှာပါ”လို့ သမ ကုန်းအဝိုင်းအနီးက ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှိုင်သာယာမြို့နယ် အတွင်းသွားလာနေတဲ့ဆိုင်ကယ်တွေကိုစစ်ဆေးဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ လည်းသိရပါတယ်။