ကလေးမြို့နယ်မြောက်ပိုင်း၊ နန်းချောင်း ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ (၁၂) ရက် ဒီကနေ့ မနက် (၇) နာရီဝန်းကျင်ကစပြီး မီးရှို့လို့ နေအိမ် ဆယ်လုံးဝန်းကျင် မီးလောင်ပျက်စီးတယ် လို့ ကနဦးသိရကြောင်း ဒေသခံတွေက DNA ကို ပြောပါတယ်။
ကလေးမြို့ မြောက်ပိုင်းမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံတွေထွက်ပေါ်ခဲ့ပြီးနောက်နန်းချောင်းကျေးရွာ မီးရှို့ခံနေရ တာဖြစ်တယ်လို့ ဆိုပါတယ်။
” မနက်အစောကြီးကတည်းက သေနတ်သံတွေ ရော၊လက်နက်ကြီးသံတွေရောစကြားရတာ၊ တိုက်ပွဲဖြစ်တယ်လို့ပြောရမှာ၊ ခုနန်းချောင်းရွာထဲမှာ စစ်သားတွေရောက်နေတယ်” လို့ နန်းချောင်း ကျေးရွာအနီးက လက်ပန်ချောင်းရွာသားတဦးကပြောပါတယ်။
ဒီမနက်စောစောပိုင်းမှာ စစ်ကောင်စီစစ်သား (၁၅၀) ဝန်းကျင်လောက် နန်းချောင်းကျေးရွာကို ဝင်ရောက် လာတာကြောင့် သက်ကြီးရွယ်အို တွေ ကလွဲပြီးရွာခံတွေ တိမ်းရှောင်နေကြသလို အနီးအနားကျေးရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်တွေ ဒီကနေ့မနက်ပိုင်းမှာပစ်ခတ်မှုဖြစ်ပွားတယ်လို့ ဒေသ ခံတွေဆီကသိရပြီး ထိခိုက်မှုအခြေအနေ ကိုတော့သိရှိရခြင်းမရှိသေးပါဘူး။
လက်ရှိအခြေအနေတွေအရ စစ်ကောင်စီက ကလေးမြို့မြောက်ပိုင်းကို စစ်ကြောင်းထိုးလာလို့ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်တဲ့ အနေအထားရှိတယ်လို့ ကလေးမြို့ခံတဦး ကပြောပါတယ်။
ကလေးမြို့အခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့အဆက်အသွယ်မရသေးတဲ့အတွက် အခြေအနေအသေးစိတ်ကိုမေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
ကလေးမြို့ဟာ စစ်ကိုင်းတိုင်းအတွင်းက တခြား ဒေသတွေလိုပဲ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်မှုအားကောင်းတဲ့ ဒေသဖြစ်ပြီး ကလေးမြို့ပေါ် မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့မကြာမကြာ ရင်ဆိုင်ရ လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကလေးမြို့ အနောက်ဘက် မြို့လှ ရပ်ကွက်နဲ့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက် ခံရတာ၊မိုင်းပေါက်ကွဲတာစတဲ့ ဖြစ်စဉ်တွေ ဆက် တိုက်ဖြစ်ခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ရေးတင်းမာနေတာကြောင့် ကလေး မြို့နယ်မြောက်ပိုင်း တာဟန်း – လက်ပန်ချောင်း လမ်းကို သွားလာတာမလုပ်ကြဖို့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့ဝင်တချို့က လူမှုကွန်ရက်က တဆင့် အသိပေးထားပါတယ်။