ဖမ်းဆီးခံထားရသော သတင်းသမားတချို့ကို အခုလအတွင်း အပြီးသတ်အမိန့်ချဖို့ရှိနေ

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ သတင်းမီဒီယာသမားတချို့ကို (၂၀၂၂) ခုနှစ်မကုန်ခင် အခုလ အတွင်း အပြီးသတ်အမိန့်ချဖို့ရှိနေတယ်လို့ သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ ရှေ့နေတွေဆီက သိရပါတယ်။

ရန်ကုန်အခြေစိုက် သင်္ဃန်းကျွန်းပို့စ်သတင်းဌာနက အယ်ဒီတာ မထက်ထက်အောင်ရဲ့ အစ်မဖြစ်သူက “ တကယ် ဆို ပြီးခဲ့တဲ့လကတည်းက အမိန့်ချဖို့ကို မချဖြစ်ဘူးပေါ့နော်၊ ဘာပဲဖြစ်ဖြစ် ဒီနှစ်မကုန်ခင် အမှု တွေဖြတ်မယ်လို့ ကြားတယ် ” လို့ ဆိုပါတယ်။

မထက်ထက်အောင်နဲ့ အမှုတွဲဖြစ်သူ ကိုဝေလင်းတို့ကို ဒီဇင်ဘာ ၁၆ ရက်မှာ အပြီးသတ် အမိန့်ချဖို့ရှိ တယ် လို့ အမှုကိုလိုက်ပါကူညီနေသူတွေက ပြောပါတယ်။

သင်္ဃန်းကျွန်းပို့စ်သတင်းဌာနက သတင်းသမားတွေဖြစ်တဲ့ သူတို့နှစ်ဦးကို စစ်ကောင်စီက ၂၀၂၁ခုနှစ် စက်တင်ဘာလ အတွင်းဖမ်းဆီးခဲ့ပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့် တရား စွဲဆို ထား တာပါ။

အလားတူ ရန်ကုန်မြို့၊ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်းသပိတ်မှာ သတင်းယူရင်းဖမ်းဆီးခံခဲ့ရတဲ့  မမှူးရတနာခက် မို့မို့ထွန်း၊ကိုကောင်းဆက်လင်း၊စစ်ကိုင်းတိုင်းက အလွတ်သတင်းထောက် မယဉ်ယဉ်သိန်း( နဘား) တို့ကိုလည်း အခုလအတွင်း အပြီးသတ်အမိန့်ချဖို့ရှိနေတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

မမှူးရတနာခက်မို့မို့ထွန်းနဲ့ ကိုကောင်းဆက်လင်းတို့ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၅)ရက်က ပန်းပင်ကြီးလမ်း သပိတ် အကြမ်းဖက်ဖြိုခံရချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ဆန္ဒပြလူအုပ်ထဲ ကား နဲ့ဝင်တိုက် ဖမ်းဆီး ရာက မမှူးရတနာခက်မို့မို့ထွန်း အပြင်းအထန်ဒဏ်ရာရခဲ့သလို ကိုကောင်းဆက်လင်း ဟာလည်း ဒဏ်ရာရရှိ ခဲ့ပါ တယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီက ရာဇတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲဆိုထားတာပါ။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)စစ်ကိုင်းတိုင်းအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အလွတ်တန်း သတင်းထောက် မယဉ်ယဉ်သိန်း(နဘား)ကိုတော့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ စစ်ကောင်စီကဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံထားရဲ့ သတင်းမီဒီယာသမားတွေကို လိုက်လံကူညီပေးနေတဲ့ ရှေ့နေတစ်ဉီးကတော့ “ အမှုတွေက ပုံနေတယ်ဆိုတော့ အရမ်းကြာနေပြီး စစ်ဆေးစရာမရှိတော့တဲ့ အမှုတွေကို ဒီနှစ်မကုန်ခင် အကုန်ဖြတ်ဖို့ ရှိနိုင်တယ်၊ မဟုတ်ရင် သူတို့တွေ(တရားသူကြီးတွေ)လည်း မနားရဘူးဖြစ်နေတာလေ ” လို့ DNA ကို ရှင်းပြပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေရဲ့ မိသားစုဝင်တွေကတော့ အခုလို အပြီးသတ်အမိန့်ချလိုက်ခြင်းအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာပါဝင်မျှော်လင့်လို့ ရနိုင်တယ်လို့ ဆိုကြပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်ဆီးခံထားရတဲ့ သတင်းမီဒီယာသမား (၁၅၀)ဝန်းကျင် ရှိပြီး သတင်းသမား လေးဦး သတ်ဖြတ်ခံရကာ သုံးဦးက ဖမ်းဆီးခံထား ရချိန်အတွင်းသေဆုံးခဲ့တာပါ။

ဖမ်းဆီးခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသူ (၉၄) ဉီးရှိပြီး ဖမ်းဝရမ်းထုတ်ခံရတာကြောင့် တိမ်းရှောင်နေရ တဲ့သတင်းသမား (၃၀)ဝန်းကျင်လည်းရှိနေတယ်လို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ စစ်တမ်း အချက်အလက်တွေကဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ညွှန်ကြားတဲ့အတိုင်း ရေးသားဖော်ပြခြင်းမရှိလို့ဆိုကာ စစ်ကောင်စီက သတင်း ဌာန (၁၃)ခုကို ထုတ်ဝေခွင့်လိုင်စင်တွေပိတ်သိမ်းခဲ့ပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာမသိမ်းခင် မြန်မာသတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်ဟာ (၁၃၉) မှာရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်မှာတော့ အဆင့် (၁၇၆) အထိ ကျဆင်း သွားပါတယ်။