၁။ လက်ရှိ မြန်မာနိုင်ငံမှာ – ဖြူ / မည်း နိုင်ငံရေးလမ်းကြောင်း အလွန် အားကြီးနေပါတယ်။ ရန် / ငါ စည်း ပြတ်ရန် အလွန်အမင်း တိုက်တွန်း စေ့ဆော်မှုတွေ ပေါ်လာတာကြောင့် မြန်မာနိုင်ငံမှာ အမှားအမှန် တိုင်းတာခြင်းကို နိုင်ငံရေးဘက်အစွဲနဲ့ ပိုင်းဖြတ်တာကို လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ လူအုပ်ဝါဒ အားကြီးသလို၊ လက်နက်အားကိုးတဲ့ လက်ရုံးဝါဒလည်း အားကြီးပါတယ်။
၂။ နိုင်ငံကို ကောင်းစွာ တည်ဆောက်ချင်တဲ့ ခေါင်းဆောင်တွေ၊ ပညာတတ်တွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ လတ်တလော အခက်အခဲအကျပ်အတည်းတွင်းက ပြဿနာတွေကိုချည်း ကြည့်နေလို့ မရပါဘူး။ နိုင်ငံရဲ့ ရေရှည် နှစ်ပေါင်းများစွာအထိ ကျော်ကြည့်ပြီး လတ်တလောပြဿနာတွေကို တကယ့်ပြဿနာတွေလို့ မမြင်မိကြဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မလွယ်ကူတဲ့အချိန်မှာ – နိုင်ငံရေးမဟုတ်တဲ့ တခြားသော နယ်ပယ်ကဏ္ဍတွေကနေ ချည်းကပ်ပြောင်းလဲလို့ ရနိုင်ပါတယ်။ ဒါကို အဖြေရှာကြဖို့ ဖြစ်ပါတယ်။
၃။ မြန်မာနိုင်ငံရဲ့ လက်ရှိ အဖြစ်ဟာ — မြန်မာ့ဓလေ့ဆိုရိုးမှာ တွေ့ရတဲ့ စကားနှစ်ခုနဲ့ အနက်ဖော်နိုင်ပါတယ်။ “ငါ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်” ဆိုတဲ့ စကားနဲ့ “မစားရတဲ့ အမဲ …. သဲနဲ့ ပက်” ဆိုတဲ့ စကားတို့ပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ကိုယ့်ကိုယ်ကို ဖျက် သံချေးတက်… ဆိုသလို ဖြစ်နေတာတွေ့ရပါတယ်။
၄။ မြန်မာ့နိုင်ငံရေးဓလေ့နဲ့ မြန်မာ့လူမှုဓလေ့မှာ ကောင်းသော အခြင်းအရာတွေ ရှိနေပေမယ့် လူ့အဖွဲ့အစည်းထဲက နယ်ပယ်ကဏ္ဍအသီးသီးဟာ ရန် / ငါ စည်း နိုင်ငံရေး ဇာတ်အသွင်းခံရပြီး ပရော်ဖက်ရှင်နယ် ပျက်ယွင်းခြင်းနဲ့ ကြုံတွေ့နေရပါတယ်။ အလားတူ မြန်မာနိုင်ငံအတွင်းမှာ လုံခြုံရေး အကျပ်အတည်း၊ တည်ငြိမ်မှုအကျပ်အတည်းနဲ့ စားဝတ်နေရေးအကျပ်အတည်းတွေ အပါအဝင် အထွေထွေ လူမှုစီးပွားအကျပ်အတည်းတွေကြောင့် ကိုယ်ကျင့်ပျက်ယွင်းခြင်းကိုလည်း ကြုံနေရပါတယ်။
၅။ မြန်မာပြည်ရဲ့ အနာဂတ် ကံကြမ္မာဟာ — သတိအားဖြင့် အကန့်အသတ်ထားပြီး အထိန်းအကွပ်နဲ့ မလုပ်ဆောင်ရင် အဖတ်ဆယ်လို့ မရလောက်အောင် ယိုယွင်းပျက်စီးခြင်းကို ရောက်ရပါတော့မယ်။ ပညာတတ်တွေနဲ့ ခေါင်းဆောင်ဆိုသူတွေဟာ — စိတ်ထဲ ထင်ရာမြင်ရာတွေနဲ့ တွေးခေါ် လုပ်ကိုင်နေကြတာတွေ့ရပါတယ်။ လူထုဟာ ကိုယ်ကျင့်အားဖြင့် ယိုယွင်းပျက်စီးလာနေပြီ။ ပညာတတ်တွေမှာ ပရော်ဖက်ရှင်နယ် ပျက်ယွင်းနေပြီ။ မြန်မာနိုင်ငံမှာ အလေးအမြတ် ပြုစရာတွေ ကြွင်းကျန်ရစ်ဖို့ ကြိုးစားရပါလိမ့်မယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အလေးအမြတ် ပြုစရာ အရာသည် အဘယ်နည်း။
အယ်ဒီတာ
Delta News Agency
၁၁ ၊ ဒီဇင်ဘာ၊ ၂၀၂၂။