ရှောင်တာနဲလ်နှင့် အင်တာဗျူး

အကျဉ်းကျခံနေရာကနေ လွတ်မြောက်သွားတဲ့ ဩစတြေးလျ စီးပွားရေး အကြံပေး ပညာရှင် ရှောင်တာနဲလ်က သူ့ကို မတရား ဖမ်းဆီး ထောင်ချခဲ့တဲ့ စစ်ကောင်စီရဲ့အကြောင်း၊ သူ့လိုပဲ မတရား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်။ 

 

မြန်မာနိုင်ငံမှာ ၂ နှစ်နီးပါးလောက် အကျဉ်းကျခံခဲ့ရ ပြီးတဲ့နောက် ဩစတြေးလျ စီးပွားရေး ပညာရှင် ဒေါက်တာ ရှောင်တာနဲလ်ဟာ နိုဝင်ဘာ ၁၇ ရက်မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းယူလိုက်ပြီး တစ်ပတ်လောက် အကြာမှာ သူက အဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ တာနဲလ်ဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေ ဖမ်းဆီးခဲ့တဲ့ လူသိအများဆုံး နိုင်ငံခြား အကျဉ်းသားလည်း ဖြစ်လာပါတယ်။ သူပြန်လွတ်လာချိန်က စလို့ တာနဲလ်ဟာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး ရန်ကုန်နဲ့ နေပြည်တော်က အကျဉ်းထောင်တွေမှာ ဆိုးရွားလှတဲ့ အခြေအနေတွေကို ဘယ်လို ကြံ့ကြံ့ခံ ဖြတ်သန်းခဲ့ရသလဲ ဆိုတာတွေကို ထုတ်ပြောလာပါတယ်။ အဲဒီမှာ သူဟာ ခြေထောက်ကို သံကြိုးခတ် ခံရပြီး ညစ်ပတ်နံစော်နေတဲ့ အခန်းကျဉ်းလေးတွေထဲမှာ ပိတ်လှောင် ခံထားရပြီး စစ်ဆေးမေးမြန်းတာတွေ ခံခဲ့ရတယ်။ တစ်ခါတလေဆိုရင် တခြား အကျဉ်းသားတွေကို ညှင်းပန်း နှိပ်စက်တဲ့ အသံတွေကို ကြားနေတတ်ပြန်တယ်။

 

ဒါပေမဲ့ တာနဲလ်ဟာ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူ တစ်ဦးဆိုတာထက် အများကြီး ပိုပါတယ်။ ဩစတြေးလျက ​Macquarie တက္ကသိုလ်ရဲ့ စီးပွားရေး ပညာရှင်ဟာ မြန်မာနိုင်ငံနဲ့ ဆယ်စုနှစ် သုံးခုလောက် ပတ်သက် ဆက်နွှယ်မှုတွေ ရှိခဲ့သလို ၂၀၁၆ ခုနှစ်ကစလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်ရဲ့ အထူးစီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တယ်။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှု အက်ဥပဒေနဲ့ အတူတူ တရားစွဲဆို ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အကျဉ်းကျခံနေရဆဲပါ။ အာဏာသိမ်းမှုရဲ့ နောက်ကွယ်က ဖြစ်နိုင်ခြေ အကြောင်းတရားတွေ၊ သူအဖမ်းခံရတဲ့ ကိစ္စ၊ ပြီးတော့ နိုင်ငံစီးပွားရေးအပေါ် စစ်ကောင်စီရဲ့ လွဲမှားတဲ့ ကိုင်တွယ်ပုံတွေ၊ အရေးယူ ပိတ်ဆို့မှုတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်တွေအကြောင်း Frontierက တာနဲလ်ကို တွေ့ဆုံ မေးမြန်းထားပါတယ်။

 

ပထမဆုံး အနေနဲ့ပေါ့ ရှောင်ရာ။ အာဏာသိမ်းမှုအပြီး မကြာခင်မှာပဲ ခင်ဗျားက အဖမ်းခံရဖို့ ပစ်မှတ် ဘာကြောင့် ဖြစ်လာခဲ့တယ်လို့ ထင်သလဲ။

 

တကယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တချို့ ဝန်ကြီးတွေကို ပစ်မှတ်ထားဖို့အတွက် ကျွန်တော့်ကို တခြားလမ်းကြောင်း တစ်ခုကနေ အသုံးချတာ ခံခဲ့ရတာပါ။ ကျွန်တော့်ကို ဖမ်းဆီးလိုက်တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရ အဖွဲ့ဟာ နိုင်ငံခြားသား တစ်ယောက်ရဲ့ အလွန်အကျွံ လွှမ်းမိုးမှုကို ခံခဲ့ရတယ် ဆိုတာမျိုး သူတို့က ပုံဖော်နိုင်မယ်လေ။ ဒုတိယ အကြောင်းရင်းကတော့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေပေါ့။ အတိအကျ ပြောရရင် ဘဏ်လုပ်ငန်း ကဏ္ဍမှာ ကျွန်တော် လုပ်ဆောင်နေတဲ့ ကိစ္စတွေက စစ်တပ်နဲ့ ဆက်နွှယ်မှုရှိပြီး တရားမဝင် ငွေရေးကြေးရေး လုပ်ဆောင်မှုတွေ ရှိနေတဲ့ လုပ်ငန်းတစ်ခုနဲ့ နီးကပ်လာတယ်။ ဒီတော့ ကျွန်တော့်ကို သူတို့က ပြန်တွန်းထုတ်ချင်တယ်။ နောက်ထပ် တစ်ချက်က ကျွန်တော် ကိုယ်တိုင်က အဲဒီမှာ အဖမ်းခံရဖို့ ကံပါသလိုကို ဖြစ်သွားခဲ့တာ။ ကျွန်တော့်ထက် ဦးစားပေးပြီး သူတို့တွေ လိုက်ဖမ်းချင်တဲ့သူတွေ ရှိမယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ကိုဗစ်ကာလကြီးမှာ ရန်ကုန်ကနေ ထွက်ခွာဖို့ ပုံမှန် လေယာဉ် ခရီးစဉ်တွေက မရှိဘူးလေ။ နိုင်ငံခြားသားတွေကို သူတို့ဖက်က တစ်ခုခု သတင်းစကား ပါးချင်တယ်ဆိုရင် ကျွန်တော်က အဲဒီအတွက် အဆင်သင့်ကြီး ဖြစ်နေတယ်။

 

မြန်မာအစိုးရအပေါ် နိုင်ငံခြားသား လွှမ်းမိုးမှုအကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စစ်တပ်ဖက်က ဇာတ်ကြောင်းပြောနေတာတွေဟာ တကယ့်ကို စစ်မှန်တဲ့ စိုးရိမ်မှုကြောင့်လား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဘက် တစ်ယောက်ကို ဖယ်ရှားချင်လို့ အဆင်ပြေသလို ပေးလိုက်တဲ့ အကြောင်းပြချက် တစ်ခုပဲလား။

 

ကျွန်တော်ကတော့ နှစ်ခုလုံးကြောင့်လို့ ထင်တယ်။ အဲဒီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (စစ်ကောင်စီ)ကို အဓိက ထိုးနှက်နေတာ တစ်ခုက ခေတ်သစ် စီးပွားရေးရဲ့ လုပ်ဆောင် လည်ပတ်မှုတွေအပေါ် သူတို့ နားမလည်တဲ့ ကိစ္စပဲ။ အမြန်ဆုံး ဆင်းရဲမွဲတေသွားမယ့် လမ်းကြောင်းမှန်း အရမ်း ရှင်းလင်း မြင်သာနေပေမယ့် မြန်မာနိုင်ငံကို အထီးကျန် ရပ်တည်စေတာမျိုးပဲ သူတို့က သွားချင်ပုံရတယ်။ အာရှကျားတွေက သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတာတွေက မြန်မာနိုင်ငံနဲ့ မသက်ဆိုင်တဲ့ အပိုအလုပ်တွေလို့ သဘောထားပြီး မြန်မာကို သီးခြား ခြွင်းချက်ထားတဲ့ အတွေးအမြင် ဝါဒမျိုးကလည်း သူတို့ဆီမှာ ရှိနေပြန်တယ်။ အာရှကျားတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အဓိက လမ်းကြောင်းတစ်ခု ဖြစ်ခဲ့တဲ့ စီးပွားရေး လျှော့ပေါ့ စဉ်းစားပေးမှုတွေ ဆိုတာကလည်း သူတို့ရဲ့ ပရာဂျက်တွေမှာ ကြားဝင်ဟန့်တားတာမျိုး သဘောထားနေပြန်တယ်။ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံကို သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ပိုပြီး ကျပ်ကျပ်တည်းတည်း အုပ်စီးလာတယ်။ ဒါကြောင့်လည်း သူတို့က နိုင်ငံခြားသားတွေနဲ့ မြန်မာကို နံရံတွေ ပိုင်းခြားထားဖို့ လိုတယ်လို့ ရှုမြင်ကြပါတယ်။ ဒါပေမဲ့ အဆိုးမြင် ဝါဒတွေကလည်း အတိုင်းအတာ တစ်ခုထိ ပါဝင်နေပါတယ်။

 

ခင်ဗျားကို စစ်ဆေးမေးမြန်းသူတွေက ဘာတွေ သိချင်ကြသလဲ။ ခင်ဗျားဆီကနေ သူတို့ လိုချင်လို့ ရှာဖွေနေတဲ့ တစ်ခုခုရော ရှိသလား။

 

သူတို့က အထောက်အထား တစ်ခုခု ရလိုရငြား လိုက်ရှာနေတာမျိုးပါ။ နိုင်ငံခြားသားတစ်ယောက်က၊ ဒီကိစ္စမှာတော့ ကျွန်တော်ပေါ့လေ၊ ကိစ္စအားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတယ် ဆိုတာကို ပြသနိုင်မယ့် သက်သေမျိုးပေါ့။ ကျွန်တော်က အဓိက ကြိုးကိုင်သူ၊ ဒါမှမဟုတ် အကြီးစား စပိုင်တစ်ယောက် ဆိုတာမျိုး သူတို့က ပုံဖော်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ဝန်ကြီးတွေက ကျွန်တော့်ရဲ့ ရုပ်သေးတွေ၊ ဒါမှမဟုတ် အေးဂျင့်တွေ ဆိုတာမျိုးပေါ့။ ဒါမှလည်း မြန်မာနိုင်ငံဟာ သစ္စာဖောက် နိုင်ငံခြားသားတွေရဲ့ လက်ကနေ ကာကွယ်ဖို့ လိုအပ်နေပြီဆိုတဲ့ သူတို့ပြောတဲ့ ဇာတ်လမ်းတွေအတွက် အထောက်အပံ့ ဖြစ်မှာပေါ့။ ပြီးတော့ ကျွန်တော့်ကို စစ်မေးကြတာက ဘာမှ မသိတဲ့၊ နားမလည်တဲ့ လူစားတွေပါဗျာ။ တစ်ခါတုန်းကဆိုရင် ကျွန်တော်က နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF)နဲ့ အဆက်အသွယ် လုပ်ပါတယ်ဆိုပြီး သူတို့က စွပ်စွဲတယ်ဗျ။ ဟုတ်တယ်လေ။ ဒါအမှန်ပဲဟာ။ ကျွန်တော်တို့ တစ်ချိန်လုံး IMFနဲ့ ညှိနှိုင်းပြီး အလုပ်တွဲလုပ်နေခဲ့တာပဲဟာ။ ဒါပေမဲ့ သူတို့က IMFဆိုတာ ဘာမှန်းတောင် မသိဘူးဗျာ။ IMFအကြောင်း ကျွန်တော့်ကို သူတို့မေးတော့ အဲဒါက ဂျော့ဂျ်ဆိုရက်စ်လို့ချည်း ပြောနေတော့တာ။ ကျွန်တော်ကလည်း အဲဒါက မဟုတ်ကြောင်းပြောပြီး သေချာ ရှင်းပြတယ်။ ဒါပေမဲ့ ကျွန်တော် ခပ်မြန်မြန် သတိထားမိလာတာက ဒီလို ရှင်းပြလေ၊ သူတို့က ပိုပြီး သံသယဝင်လေ ဆိုတာကိုပဲ။ ကျွန်တော်က သူတို့ကို ရှင်းပြနေတာတွေဟာ ရှုပ်ထွေးတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကိစ္စတွေဖြစ်ပြီး တစ်နည်းအားဖြင့် ကျွန်တော်က မြန်မာကိစ္စမှာ ဝင်စွက်ဖက်နေတဲ့ နိုင်ငံခြားသား လူတတ်ကြီးဖြစ်ကြောင်း သက်သေပြနေတာလို့ သူတို့က မြင်သွားတာကိုးဗျ။

 

ခင်ဗျားပြောပြတာတွေကို သူတို့က ကျေနပ်ကြရဲ့လား။ ဒါမှမဟုတ် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် တစ်ခုလုံးက အယောင်ဆောင် သက်သက်သာ ဖြစ်တာကြောင့် တကယ်တမ်းမှာ ဘာပဲဖြေဖြေ ဂရုမစိုက်တာလား။

 

ဒုတိယ ကိစ္စကတော့ အများကြီး ပိုဖြစ်နိုင်တယ် ကိုယ့်လူ။ အားလုံးက ဇာတ်တိုက်ထားသလိုကြီး။ သူတို့ လိုချင်တဲ့ အကြောင်းအရာကို ရှာမတွေ့တော့ သူတို့ဖာသာ ဖန်တီးယူတော့တာပဲ။ ပြီးတော့ ကျွန်တော့်ကို စွဲချက်တင်တာကလည်း နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်မှုဆိုတဲ့ ဥပဒေ ပုဒ်မကြီးနဲ့ဗျာ။ ကျွန်တော်နဲ့ တကယ့်ကို မဆီမဆိုင်ပဲဟာ။ ကျွန်တော်က နိုင်ငံခြားသား တစ်ယောက်လေဗျာ။ မြန်မာ အစိုးရရဲ့ တိုက်ရိုက်ကျကျ ခန့်အပ်တဲ့ ဝန်ထမ်းလည်း မဟုတ်ခဲ့ဘူး။ ဒီတော့ အဲဒီ ဥပဒေနဲ့ ကျွန်တော်က ဘာမှာကို မဆိုင်တာ။ ဒါပေမဲ့ သူတို့ကတော့ ဇွတ်လုပ်ပြီး အဲဒီဥပဒေနဲ့ပဲ စွဲချက်တင်ပါတယ်။ သူတို့က ဒီလို တရားစွဲဆိုမှုဟာ ဥပဒေကြောင်းအရ တရားဝင်တယ် ဆိုတာမျိုး မဖြစ်ဖြစ်အောင် သတ်မှတ်ချက် မျိုးစုံတွေ လျှောက်ပြောပေမယ့် ကျေနပ်စရာတော့ မရှိပါဘူး။ ဆွဲချ ရှေ့နေတွေဖက်က ကျွန်တော်ဟာ သတင်း အချက်အလက်တွေ ပေးပို့ခဲ့တယ် ဆိုတာကို ခပ်မြန်မြန် ဖော်ထုတ် ရှာဖွေနိုင်ဖို့ လိုအပ်ပေမယ့် ကျွန်တော်က ဒါမျိုး မလုပ်ခဲ့ကြောင်း နောက်ဆုံးတော့ သူတို့ ဝန်ခံရတာပဲလေ။ ကိစ္စ တစ်ခုလုံးကိုက ပေါက်ကရကြီးကိုးဗျ။

 

လူပြောများတဲ့ သီအိုရီ တစ်ခုရှိတယ်။ ခင်ဗျားက စစ်တပ်ရဲ့ ဘဏ္ဍာရေး ကိစ္စတွေအကြောင်း အရမ်းသိနေပြီး ဒီအချက်က ပိုပြီး ထိရောက်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ဖို့ အထောက်အကူ ပြုနိုင်တာကြောင့် အခုလို ပစ်မှတ်ထား ခံရတာ ဆိုတာပါပဲ။ ဒီအယူအဆကရော မှန်တယ်လို့ ထင်သလား။

 

နည်းနည်းပေါ့။ ကျွန်တော်က အန္တရာယ် ရှိတယ်လို့ သူတို့တွေဖက်က ယူဆတယ်။ တစ်ဖက်မှာလည်း နောက်ဆုံးကျတော့ ကျွန်တော့်ကို ပြန်လွှတ်လိုက်ရတာပါပဲ။ ဒီတော့ ဖြစ်နိုင်တာက ကျွန်တော့်ဆီကနေ ရလာမယ့် ဘယ်လို သတင်းအချက်အလက်မျိုးမဆို အသုံးမဝင်တော့ဘူးဆိုတဲ့ အနေအထား ရောက်တဲ့ထိ အချိန်ကြာကြာ သူတို့ စောင့်ခဲ့တယ်။ ဒါက သေချာပေါက် ထည့်စဉ်းစားရမယ့် အချက်တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ပုံကြီးမချဲ့တော့ပါဘူး။

 

စီးပွားရေးအရ စိုးရိမ်မှုတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအမံ တချို့ကြောင့် ထိခိုက်လာနိုင်တာတွေက သူတို့ အာဏာသိမ်းဖို့ အကြောင်းတရားတစ်ခု ဖြစ်စေခဲ့တယ်လို့ရော ထင်ပါသလား။

 

ကျွန်တော်ကတော့ ဒီကိစ္စကို ဒုတိယ နေရာမှာပဲရှိတဲ့ စေ့ဆော်မှုလို့ သတ်မှတ်မယ်ဗျာ။ ပထမ အချက်က နိုင်ငံရေး အာဏာကို အကြမ်းထည် တပ်မက်မှုကြီးပဲဗျ။ စီးပွားရေးအရ စဉ်းစားရမယ့် ကိစ္စတွေက သူတို့အတွက် အဲဒီလောက် အရေးမပါဘူးလို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေက သူတို့ကို စပြီး ထိုးနှက်နေပြီ။ NLDက မြန်မာနိုင်ငံကို ပွင့်လင်းပြီး ပြိုင်ဆိုင်မှု နယ်ပယ်တွေ ဖော်ဆောင်ပေးတဲ့ စျေးကွက် တစ်ခုအဖြစ် ဖန်တီးတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေပြီ။ ဒီအခြေအနေက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့၊ ဒါမှမဟုတ် စစ်တပ် လက်အောက်ခံ အမျိုးမျိုးသော လုပ်ငန်းစုကြီးတွေ မမြင်ချင်ဆုံး ကိစ္စမျိုးပဲ။ တကယ်လို့ NLD အစိုးရသာ ဒုတိယသက်တမ်း ဆက်ပြီး တာဝန်ယူခွင့် ရခဲ့မယ်ဆိုရင် အဲဒီ ပြုပြင်ပြောင်းလဲရေး အစီအမံတွေက သေချာပေါက် အရှိန်ပိုမြင့်လာဦးမှာပါ။ ခင်ဗျားက စျေးကွက်ကို ကြီးစိုးထားပြီး လက်ရှိ အနေအထားမှာ သာယာနေတဲ့ ခရိုနီ တစ်ယောက်ဆိုရင် ကိုယ်လက်ဝါးကြီး အုပ်ထားတဲ့ နယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေအတွက် လမ်းဖွင့်ပေးလာမယ့် ကိစ္စမျိုးတွေ၊ ဥပဒေ ပြဋ္ဌာန်းချက်မျိုးတွေကို တကယ့် စိန်ခေါ်မှုကြီးတွေလို့ မြင်မှာပဲလေ။

 

အာဏာ မသိမ်းခင် ရက်ပိုင်းမှာတုန်းက NLD အစိုးရ အဖွဲ့ဝင်တွေ ကိုယ်တိုင်က စစ်တပ် အာဏာသိမ်းနိုင်ကြောင်း ခြိမ်းခြောက်မှုတွေကို လျှော့လျှော့ပေါ့ပေါ့ ပြောဆိုခဲ့ကြဖူးတယ်။ ဒါကလည်း ပြည်သူလူထု အလွန်အကျွံ အထိတ်တလန့် မဖြစ်အောင် နှစ်သိမ့်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အာဏာလည်း အသိမ်းခံလိုက်ရရော၊ သူတို့မှာ ကြိုတင်ပြင်ဆင်ထားတဲ့ ဘာအစီအမံမှ ရှိမနေဘူး။ ဒီလို ဖြစ်လာမယ်ဆိုတာ NLDက ကြိုမမြင်ခဲ့တာလား။

 

ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော် အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းပဲ ပြောပါမယ်။ ကျွန်တော်ကတော့ ဒီလို ဖြစ်လာမယ်လို့ ထင်မထားခဲ့ပါဘူး။ အသိသာကြီးပဲဗျာ။ ကျွန်တော်က အစိုးရနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ သူပဲဟာ။ ဒီလိုတွေ ဖြစ်လာနိုင်တယ်လို့များ ကြိုတွေးမိရင် ကျွန်တော် အဲဒီမှာတောင် ရှိပါ့မလားဗျ။ (တာနဲလ်ဟာ ကပ်ရောဂါကြောင့် ပြည်ပမှာ လအတော်ကြာ သွားရောက် နေထိုင်ပြီးမှ မြန်မာနိုင်ငံကို ပြန်လာခဲ့တာပါ) အစိုးရနဲ့ စစ်တပ်ကြားက တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ပါဝင်ပိုင်ခွင့်လည်း မရှိဘူးလေ။ ဒါပေမဲ့ ကျွန်တော် အတော်လေး စိတ်လှုပ်ရှားလာပြီး ဒီကိစ္စအပေါ် စိုးရိမ်စိတ် ဝင်ခဲ့မိတာ မှတ်မိသေးတယ်။ ပြဿနာ တစ်ခုခုတော့ စဖြစ်နေပြီလို့ သိသာနေတယ်လေ။ ဒါပေမဲ့ အာဏာသိမ်းတဲ့အထိ ဖြစ်သွားတာကိုတော့ ကျွန်တော် ကိုယ်တိုင်ရော၊ ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေသူတွေ (အစိုးရ အဖွဲ့ဝင်တွေ) ကိုယ်တိုင်ပါ အံ့ဩ အငိုက်မိခဲ့ကြပါတယ်။

 

အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီဟာ အုံနဲ့ကျင်းနဲ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကိုပဲ အသည်းအသန် အာရုံစိုက်နေပြီး စီးပွားရေးမှာ စီမံခန့်ခွဲမှုတွေ တောက်လျှောက် လွဲမှားနေတာက ဘယ်လောက်ထိ ဆက်သွားမယ်လို့ ထင်ပါသလဲ။ ပိုမို မြင်သာတဲ့ နိုင်ငံရေးအရ လိုက်လျောမှုတွေ မရှိဘဲနဲ့ စစ်ကောင်စီက စီးပွားရေး ကဏ္ဍမှာ ကွဲပြားတဲ့ ချဉ်းကပ်မှုမျိုး လုပ်လာနိုင်ပါသလား။

 

ရောဂါဗေဒ ပညာရှင်တစ်ယောက် အလုပ်လုပ်နေ သလိုပဲ ကျွန်တော် တွေးကြည့်တယ်။ အတိတ်ကို ဘယ်လို ပြန်လှည့်နေလဲ၊ စီးပွားရေး မူဝါဒ ဖော်ဆောင်မှုတွေမှာ ဆိုဗီယက် ခေတ်ဟောင်း အတွေးအမြင်မျိုးတွေထိ ဘယ်လိုတောင် ခုန်ပျံကျော်လွှားပြီး သွားနေသလဲ ဆိုတာတွေက ကျွန်တော် ကြည့်နေတဲ့ ကိစ္စတွေပေါ့။ ငွေလုံးငွေရင်း ထိန်းချုပ်တာ၊ သွင်းကုန် ထိန်းချုပ်တာ၊ ငွေလဲနှုန်းတွေ အမျိုးမျိုးဖြစ်တာ၊ အမြင့်ဆုံးနဲ့ အနိမ့်ဆုံး စျေးနှုန်းတွေ သတ်မှတ်တာ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအပေါ် အရည်အသွေး စိစစ် ထိန်းချုပ်တာ၊ ဘဏ်တွေနဲ့ ချိတ်ဆက်မှု ခွဲတမ်းတွေ သတ်မှတ်တာ၊ တချို့သော အခြေအနေတွေမှာ ဘဏ်တွေ ပိတ်ကုန်တာ၊ နိုင်ငံခြားငွေ သုံးစွဲမှုကို ကန့်သတ်တာ အကုန်လုံးပါပဲ။ ဒီလူတွေသာ ဘာမှ ထမလုပ်ခဲ့ဘူးဆိုရင် အခုထက် အများကြီး ပိုအဆင်ပြေမှာဗျ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စီးပွားရေး မူဝါဒက ဘယ်လိုပြောမလဲ၊ နာမည်တပ်ပေးလို့ ရမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတဲ့ ဟာမျိုးပဲဗျ။ အာဏာသိမ်းပြီးစ ကျွန်တော် အဖမ်းမခံရသေးတဲ့ နေ့တွေတုန်းကဆိုရင် ကျွန်တော်က သူတို့ဟာ သိန်းစိန် အစိုးရခေတ် (၂၀၁၁-၁၂ တုန်းက မူဝါဒတွေ)ဆီ ပြန်သွားမှာပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါမှမဟုတ်ရင်လည်း ချီလီဖြစ်ဖြစ်၊ ဗီယက်နမ်ဖြစ်ဖြစ် ပုံစံမျိုး လိုက်လုပ်မယ်ပေါ့လေ။ နိုင်ငံရေးမှာ ထိန်းချုပ်ပေမယ့် စီးပွားရေးမှာတော့ မျှတတဲ့ အနေအထားမျိုး ဖန်တီးပေးထားနိုင်တဲ့ သဘောပေါ့။ အခုတော့ သူတို့ လုပ်နေတဲ့ မူဝါဒတွေက ဘယ်လောက်တောင် အချိုးမကျဘဲ အဆင်အခြင် မဲ့သလဲ ဆိုတာ မြင်လာလေလေ၊ အံ့ဩတုန်လှုပ်ရလေလေပါပဲ။

 

အာဏာသိမ်းပြီးတဲ့နောက် အောက်ခြေစီးပွားရေးက ပြိုကျသွားပုံရသလို ကျပ်ငွေ တန်ဖိုးကလည်း ထိုးဆင်းသွားတယ်။ လူတိုင်းက ဘဏ်မှာ အပ်ထားတဲ့ ကိုယ့်ပိုက်ဆံတွေကို ပြန်ထုတ်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြပုံပဲ။ ဒါပေမဲ့လည်း သန်းနဲ့ချီပြီး အကျပ်အတည်းတွေနဲ့ ရုန်းကန်နေရတယ် ဆိုဦးတော့၊ မကြာသေးခင် လပိုင်းတွေအတွင်း စီးပွားရေးက နည်းနည်း ပြန်တည်ငြိမ်လာပုံရပြီး စစ်ကောင်စီက ကိုယ့်ဖော့ထားနိုင်သေးပုံရတယ် (စုန်းစုန်းမြုပ်မသွားဘူး)။ အခြေအနေတွေ ဘယ်လိုဖြစ်မယ်လို့ ခင်ဗျား ထင်ပါသလဲ။

 

မြန်မာနိုင်ငံရဲ့ အောက်ခြေအဆင့်မှာ တကယ့်ကို တောင့်ခံနိုင်စွမ်း တစ်ခုတော့ ရှိနေတယ်။ လောလောဆယ် နိုင်ငံရဲ့ အနေအထားက ဘယ်လို ဖြစ်သွားသလဲဆိုတော့ အများစုက စားလောက်ရုံ အခြေခံ အဆင့်မျိုးလောက်မှာတော့ ရှိနေတုန်းပဲ။ ပြီးတော့ ရေရှည်လည်း ဖြစ်သွားနိုင်တယ်။ မြန်မာနိုင်ငံမှာ မြေဩဇာ သိပ်ကောင်းတော့ လူတွေ ငတ်တော့ မသေဘူး။ ဒါပေမဲ့ သူတို့အတွက် မျှော်လင့်ချက် မပေးစွမ်းနိုင်ဘူး။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးဆောင် မသွားနိုင်တော့ဘူး။ ဒီတော့ အလွှာတစ်ခု ဖုံးကွယ်ထားတဲ့ အောက်ခြေမှာ ဒယိမ်းဒယိုင်နဲ့ ရှေ့ဆက်ရတာမျိုးဆီ ကျွန်တော်တို့ ပြန်ရောက်သွားလိမ့်မယ်လို့ ထင်တယ်။ ဘဏ်တွေ အပါအဝင် အဖွဲ့အစည်းတွေရဲ့ ငွေကြေး ရှင်းတမ်းတွေဟာ ဆိုရင်လည်း ရှေ့လျှောက် ကပ်ဆိုက်ဖို့ချည်း မြင်နေရပြီ။ တင်းကျပ်တဲ့ ထိန်းချုပ်မှု၊ အကြောက်တရားနဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ရှိနေလို့သူ သီရိလင်္ကာမှာလိုမျိုး ဆူဝေပေါက်ကွဲတာတွေ ပေါ်မလာအောင် ဖိထားနိုင်တာ။ ဒါက အပေါ်ယံ သက်သက်ကို ပြောတာနော်။ အောက်ခြေမှာက အကြီးအကျယ် ပွက်ပွက်ထနေလောက်ပြီ။

 

ဘယ်လိုမျိုး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို စစ်ကောင်စီအပေါ် ချမှတ်သင့်သလဲ။ ပြီးတော့ ဒါတွေက ဘယ်လောက်ထိ အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်နိုင်သလဲ။

 

အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး များများ မပြောမိအောင် ကျွန်တော် အတော်လေး ကြိုးစားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အခြေအနေကို အရင်ဆုံး ကြည့်ချင်သေးတယ်လေ။ အတိတ်တုန်းကတော့ ကျွန်တော်ဟာ အရေးယူ ပိတ်ဆို့မှုတွေကို ထောက်ခံခဲ့ဖူးတယ်။ ကျွန်တော့် အမြင်အရတော့ တခြားနိုင်ငံတွေက သူတို့ရဲ့ ကိုယ်ပိုင် ဘဏ္ဍာရေး စနစ်တွေထဲမှာ မြန်မာဘဏ်တွေ ဝင်ရောက်ခွင့်မပေးထားဘူး ဆိုတာမျိုး အကြောင်းအရင်း တစ်ခုတည်းမှာဆိုရင် ပစ်မှတ်ထား ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူမှုတွေက လုံးဝဥဿုံ သင့်တော်တယ်။ တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးယုတ်တဲ့ ရာဇဝတ်ကြောင်း ကိစ္စတွေနဲ့ မပတ်သက်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် အပြည့်ရှိတယ်လေ။ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ် စဉ်းစားရမယ့် ကိစ္စတစ်ခုက တကယ်တမ်း ကွဲပြားမှုတွေ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာပါပဲ။ ကျွန်တော် အကျပ်ရိုက်ရတာက စစ်ကောင်စီဟာ နိုင်ငံ စီးပွားရေးကို ဂရုမစိုက်ဘူး။ အာဏာသိမ်းမှုကြောင့် စီးပွားရေးကို အကြီးအကျယ် ချရင်းထားတဲ့ သူတို့အတွက်တော့ စီးပွားရေးဖက်ကို ပြန်ငဲ့ကြည့်အောင် ဆွဲဆောင်နိုင်မယ့် အရာမျိုးလည်း ကျွန်တော် မမြင်ဘူး။ ကျွန်တော် ခံစားမိတာကတော့ အရေးယူ ပိတ်ဆို့မယ် ဆိုရင်လည်း တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်မျိုး ရှိဖို့ လိုတယ် ဆိုတာကိုပါ။ တစ်ဝက်တစ်ပျက်လောက် ဟိုလိုလို ဒီလိုလို အရေးယူ ပိတ်ဆို့မှုတွေကတော့ ပြဿနာ ဖြစ်သွားဖို့ ပိုများတယ်။ စစ်တပ်နဲ့ အမှန်တကယ် ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းတွေဟာ အရေးယူ ပိတ်ဆို့မှုတွေကို ရှောင်လွှဲနိုင်တဲ့ အရင်းအမြစ်တွေ ပိုင်ဆိုင်ထားပြီး တခြားသူတွေက ကြားညပ်သွားနိုင်တယ်။ ဒီတော့ ကျွန်တော့် ကနဦး သဘောထားကို ပြောရမယ်ဆိုရင် အရေးယူ ပိတ်ဆို့မှာလား၊ ဒါဆို အကုန် ပုံအောပြီးသာလုပ်။ ရုရှားကို ဆော်သလိုမျိုးပေါ့။ အဲဒါကမှ အလုပ်ဖြစ်နိုင်လောက်တယ်လို့ တစ်ခုတည်းသော မျှော်လင့်စရာမျိုး ဖြစ်နေတာပါ။

 

နိုင်ငံတော် လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ တရားစွဲဆို ခံရတဲ့အချိန် ပူးတွဲ ခုခံ လျှောက်လဲကြချိန်တုန်းကရော ဒေါ်အောင်ဆန်းစုကြည်က တော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို ထုတ်ပြောခဲ့သေးလား။ လက်နက်ကိုင် ရုန်းကန်မှု ပုံစံကို ပြောင်းလဲ လက်ခံလိုက်တာရယ်၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ ပတ်သက်တာမျိုးတွေရယ်ပေါ့။

 

နည်းနည်းလောက်တော့ ပြောဖြစ်တယ် ကိုယ့်လူရ။ ဒါပေမဲ့ ခင်ဗျား ပြောသလို အရမ်း အနုစိတ်ကြီးတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ပထမဆုံး ပြန်တွေ့တော့ သူက ဒီမိုကရေစီအတွက် မားမားရပ်နေကြတဲ့ မြန်မာ ပြည်သူတွေအတွက် ဘယ်လောက်တောင် ဂုဏ်ယူနေသလဲ ဆိုတာကို ပြောတယ်။ ဒါတောင် အဲဒီ ပြည်သူတွေက ဒီမိုကရေစီကို ၅ နှစ်လောက်ပဲ ထိတွေ့ရသေးတာလေ။ သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးအတွက် စိတ်နှစ်ပြီး ကာကွယ်နေတယ် ဆိုတာမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို တော်တော် စိတ်လှုပ်ရှားစေခဲ့တယ်။ ဒီမိုကရေစီ ထောက်ခံရေးအတွက် အင်တိုက်အားတိုက် တုံ့ပြန်ကြဖို့ ဆိုတာက သူ့စိတ်ထဲမှာ အများကြီး ငြိတွယ်နေတဲ့ ကိစ္စလို့ ကျွန်တော်လည်း သိထားတာကိုး။ လက်နက်ကိုင် ရုန်းကန်မှုတွေနဲ့ ပတ်သက်လို့တော့ သိသာမြင်သာတဲ့ (လုံခြုံရေး) အကြောင်းရင်းတွေကြောင့် ကျွန်တော် သူ့သဘောထားကို လုံးဝ မမေးခဲ့ပါဘူး။ ဒါကြောင့် သူရော သဘောထား ပြောင်းလဲသွားပြီလား (အကြမ်းမဖက် မူဝါဒ) ဆိုတာကို ကျွန်တော် မပြောနိုင်ဘူးပေါ့။ သေချာတာကတော့ ပြည်သူတွေ တွန်းလှန်နေပုံကို သူတကယ့်ကို ဂုဏ်ယူနေတယ် ဆိုတာပါပဲ။ ဒါပေမဲ့ အဲဒီ ရုန်းကန် လှုပ်ရှားမှုရဲ့ သဘောသဘာဝကို စူးစမ်း ဖော်ထုတ်ဖို့ စစ်မှန်တဲ့ အခွင့်အရေးမျိုးတော့လည်း မရခဲ့ပါဘူး။ NUGနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ အသေးစိတ် မဟုတ်ပေမယ့် ပြည်သူတွေ စုစုစည်းစည်း ရှိခဲ့ကြပြီး စည်းလုံးညီညွတ်မှု တစ်ခု ထင်ဟပ်နေတာကိုတော့ ကျေးဇူးတင်တဲ့ ခံစားမှု အရိပ်အငွေ့တွေ ရှိနေခဲ့ပါတယ်။

 

စစ်အာဏာရှင်က ဒေါ်အောင်ဆန်းစုကြည်ကို တတ်နိုင်သမျှ အချိန်ကြာကြာ ချုပ်နှောင်ထားချင်မလား၊ ဒါမှမဟုတ် သူ့ကို အသုံးချလာမယ်လို့ ထင်သလား။ ဥပမာ တော်လှန်ရေးမှာ သွေးခွဲဖို့အတွက် ဆိုတာမျိုးပေါ့။

 

(သူနဲ့ စစ်တပ်ကြား) တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့ အခွင့်အရေး ဆိုတာက သုညမှတ်လောက်နီးပါး ဖြစ်သွားပါပြီ။ ဒီတော့ သူတို့က ဆက်ပြီးပဲ စောင့်ကြည့်ချင်မယ်လို့ ကျွန်တော် ယူဆတယ်။ သူ့ကို ဖြစ်နိုင်သမျှ အချိန်အကြာကြီး ထောင်ထဲ ထည့်ထားချင်ပါလိမ့်မယ်။ ဒီလမ်းကြောင်းမှာတော့ ပြောင်းလွယ်ပြင်လွယ် အလားအလာမျိုး ကျွန်တော် မတွေ့မိဘူး။ ပြီးတော့ ဒီသဘောမျိုးအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးနိုင်တဲ့ အနေအထားလည်း မရှိနိုင်ဘူး။ အခု မြင်ရသလောက်ကတော့ အားလုံးကို ဆက်ပြီး Lockdown ချထားဦးမယ့် သဘောပဲ။

 

ခင်ဗျားရော ဘာဆက်လုပ်မယ်လို့ စိတ်ကူးထားသေးလဲ။

 

အရင်ဆုံး လုပ်မှာကတော့ စာတစ်အုပ် ရေးမယ်ဗျာ။ တကယ်တော့ ထောင်ထဲမှာ ကတည်းက စရေးဖြစ်နေခဲ့ပြီးသားပါ။ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ဖို့ အဲဒါကလည်း နည်းလမ်းကောင်း တစ်ခုပဲ။ လမ်းလျှောက်တယ်၊ ခေါင်းထဲမှာ စာတွေ စီနေတယ် ဆိုတာမျိုးပေါ့။ အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ကိစ္စတွေ အကြောင်းကို ကျွန်တော် နားလည်တဲ့ ရှုထောင့်ကနေ ပြောပြချင်တယ်။ အဲဒါတွေ မတိုင်ခင် NLD အစိုးရရဲ့ ရည်မှန်းချက်တွေ အကြောင်းကိုရောပေါ့။ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရ ထဲထဲဝင်ဝင် ပတ်သက်ပြီး အတတ်နိုင်ဆုံး ကူညီပေးချင်တယ်။ အထူးသဖြင့် ကျွန်တော် သိကျွမ်းထားပြီး အရမ်း အကာအကွယ် မဲ့နေတဲ့ သူတွေအတွက် အာရုံစိုက်ပြီးတော့ပေါ့လေ။ ကျွန်တော်က မြန်မာနိုင်ငံကို အရမ်း ချစ်မြတ်နိုးနေတုန်းပါ။ ဒီလို ချစ်စရာကောင်းတဲ့ နိုင်ငံတစ်ခုနဲ့ နိုင်ငံသားတွေက ကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံး အုပ်ချုပ်သူ လူတန်းစား လက်အောက်ကို ကျရောက်နေတာဟာ တကယ့်ကို ကြေကွဲစရာပါပဲ။ ဒါကြောင့်လည်း ကျွန်တော် ဆက်ပြီး ပါဝင်နေရင်း အဲဒီကနေတဆင့် ဘယ်အထိ ခရီးပေါက်မလဲ ကြည့်သေးတာပေါ့။