Time ရဲ့ တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ယူကရိန်း သမ္မတကို ရွေးချယ်လို့ ရုရှား မကျေနပ် 

Time မဂ္ဂဇင်းကြီးရဲ့ တစ်နှစ်တာအတွက် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို ရွေးချယ်လိုက်တဲ့အပေါ် ရုရှား အစိုးရက အတော်လေး မခံမရပ်နိုင် ဖြစ်နေပါတယ်။ 

ဩဇာကြီးမားတဲ့ စာနယ်ဇင်းကြီး တစ်ခုဖြစ်တဲ့ Timeဟာ နှစ်တစ်နှစ် ကုန်ဆုံးခါနီးတိုင်း အဲဒီနှစ်အတွက် အထူးခြား၊ အပြောင်မြောက်ဆုံးတွေ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ လူပုဂ္ဂိုလ် တစ်ဦးကို တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြု ဖော်ပြလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ ရုရှားရဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်အောင် ယူကရိန်းကို အကောင်းဆုံး ဦးဆောင်ပေးနေတဲ့ ဇီလန်စကီးက ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်။ 

မော်စကိုမှာရှိတဲ့ ကရင်မလင် နန်းတော်မှာတော့ Timeရဲ့ အခု ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မရိုးမရွ ခံစားနေကြရဟန် ရှိပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဇီလန်စကီးကို Time မဂ္ဂဇင်းက တစ်နှစ်တာ အထင်ရှားဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်လိုက်တာဟာ ရုရှားအပေါ် မုန်းတီးတဲ့ စိတ်အစွဲကို ရည်ရွယ်ချက်ရှိရှိ ထပ်ဖြန့်နေတာသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

 ရုရှားရဲ့ Tass သတင်းဌာနကလည်း Time မဂ္ဂဇင်းမှာလည်း ကိုယ်ပိုင် မူဝါဒတွေ ရှိမှာဖြစ်ကြောင်း၊ ဒါပေမဲ့ အခုရွေးချယ်မှုကို သဘောမတူဘူး ဆိုတာကိုလည်း Tassဖက်က ပြောပိုင်ခွင့်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ 

Time ဇီလန်စကီးရဲ့ ပုံကို ဖော်ပြထားတဲ့ မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံကို အခုသီတင်းပတ် အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ အခု ရွေးချယ်မှုဟာ ကြုံဖူးသမျှ ဒွိဟ အကင်းရှင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို့လည်း Timeက မှတ်ချက် ပေးခဲ့ပါတယ်။

 ရုရှားကတော့ ဒီကိစ္စဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားကို ဗီလိန်ဇာတ် သွင်းနေတဲ့ အနောက်နိုင်ငံတွေရဲ့ နောက်ထပ် ဝါဒဖြန့်မှု တစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။