ဥရောပ ပါလီမန် ဒုတိယ ဥက္ကဋ္ဌ အဂတိမှုနဲ့ အဖမ်းခံရ

ဥရောပ သမဂ္ဂ နိုင်ငံတွေက လွှတ်တော် အမတ်တွေ စုစည်းထားရာ ဥရောပ ပါလီမန်ရဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံလိုက်ရပါတယ်။ 

ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က ဂရိ ဆိုရှယ်လစ် လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ အီဗာ ကိုင်လီကို ဖမ်းဆီးလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ ကိုင်လီဟာ အမည်ဖော်ပြမထားတဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံ တစ်ခုနဲ့ ဆက်စပ်ပြီး ရာဇဝတ် ဂိုဏ်းတွေနဲ့ ချိတ်ဆက်မှု၊ အဂတိ လိုက်စားမှု၊ ငွေကြေး ခဝါချမှုတွေအတွက် ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဥရောပ ပါလီမန်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ၁၄ ဦးထဲမှာ ၁ ဦး အပါအဝင်လည်း ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၉ ရက်က ကိုင်လီအပြင် ဥရောပ ပါလီမန် အဖွဲ့ဝင်ဟောင်း ၁ ဦး အပါအဝင် နောက်ထပ် ၄ ဦးလည်း အဲဒီကိစ္စနဲ့ ဆက်စပ်လို့ အဖမ်း ခံခဲ့ကြရပါတယ်။ နာမည် ဖော်ပြမထားတဲ့ ပင်လယ်ကွေ့ နိုင်ငံဟာ ဥရောပ ပါလီမန်ရဲ့ စီးပွားရေးနဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေမှာ ပါဝင်စွက်ဖက် လွှမ်းမိုးနိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူလုပ်ပြီး မသမာတဲ့ နည်းလမ်းတွေနဲ့ အားထုတ်နေခဲ့တယ်လို့ ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေရုံးက ကြေညာပါတယ်။ 

ဘယ်လ်ဂျီယမ် အာဏာပိုင်တွေက အခုကိစ္စမှာ စွက်ဖက်မှု ရှိခဲ့တယ်ဆိုတဲ့ နိုင်ငံနာမည်ကို ထုတ်မပြောပေမယ့် ပြည်တွင်း သတင်းဌာနတွေဖြစ်တဲ့ Le Soirနဲ့ Knackတို့ကတော့ ကာတာအစိုးရဟာ ဥရောပ ပါလီမန်ကို စိမ့်ဝင် ဩဇာလွှမ်းမိုးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြောင်း အထောက်အထားတွေ ရထားတယ်လို့ ပြောပါတယ်။ 

လောလောဆယ်တော့ ကိုင်လီဟာ သူ့ရဲ့ ပန်ဟယ်လန်နစ် ဆိုရှယ်လစ် လှုပ်ရှားမှု ပါတီကနေလည်း ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ် အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးနေမှု နောက်ဆုံး အခြေအနေတွေအပေါ် မူတည်ပြီး အခုလို ဆုံးဖြတ်ခဲ့တာလို့ ပါတီက ကြေညာသွားပါတယ်။