ဗြိတိန်၊ ဂျပန်နဲ့ အီတလီတို့ ပူးပေါင်းပြီး မျိုးဆက်သစ် တိုက်လေယာဉ် တည်ဆောက်မယ်လို့ ကြေညာ 

ဗြိတိန်၊ ဂျပန်နဲ့ အီတလီတို့ ၃ နိုင်ငံ ပူးပေါင်းပြီး ဆဋ္ဌမမျိုးဆက် အဆင့်အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားသစ် တည်ဆောက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ 

၂၀၃၅ ခုနှစ်မှာ လက်တွေ့ တိုက်ပွဲဝင်နိုင်တဲ့အဆင့် ရောက်လာဖို့ ရည်မှန်းထားတဲ့ စီမံကိန်းက တိုက်လေယာဉ်တွေဟာ ရေဒါကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စနစ်၊ ဆိုက်ဘာစစ်ဆင်ရေး နည်းပညာတွေအပြင် ဉာဏ်ရည်တု အထောက်အပံ့ပါ ပါရှိမယ်လို့ ဆိုပါတယ်။ 

လက်ရှိ အချိန်မှာတော့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေရဲ့ခေတ် ဖြစ်နေပေမယ့် နည်းပညာပိုင်းအရ အပြတ်အသတ် ဆန်းသစ်ထားတဲ့ တိုက်လေယာဉ်မျိုး ထုတ်လုပ်ဖို့ ဗြိတိန်၊ ဂျပန်နဲ့ အီတလီတို့က ပူးပေါင်း စီစဉ်လာကြတာ ဖြစ်ပါတယ်။ ဒါဟာ ဂျပန် အတွက်တော့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း တလျှောက်လုံးမှာ အမေရိကန် မဟုတ်တဲ့ လက်တွဲဖော် နိုင်ငံတွေနဲ့ ကာကွယ်ရေး ပရောဂျက်တစ်ခု ပထမဆုံးအကြိမ် အကောင်အထည် ဖော်တာလည်း ဖြစ်လာပါတယ်။ 

ဥရောပမှာ ရုရှားရဲ့ ရန်လိုခြိမ်းခြောက်မှုတွေနဲ့ အာရှတိုက်မှာ တရုတ်ရဲ့ ဩဇာ ချဲ့ထွင်မှုတွေ ဆိုးသထက် ဆိုးလာတဲ့နောက် လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ဥရောပနဲ့ အာရှ ထိပ်တန်း နိုင်ငံတွေ ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီ တိုက်လေယာဉ်အသစ်ဟာ ဗြိတိန်က စမ်းသပ်အဆင့် မိတ်ဆက်ခဲ့ဖူးတဲ့ Tempest တိုက်လေယာဉ် ဒီဇိုင်းနဲ့ ပလက်ဖောင်းတွေကို အခြေခံထားဖွယ် ရှိနေပါတယ်။ ပြီးတော့ Mitsubishi၊ BAE System, Leonardo, Rolls-Royce အစရှိတဲ့ အဲဒီသုံးနိုင်ငံက လေကြောင်း နည်းပညာ ကုမ္ပဏီကြီးတွေ၊ အင်ဂျင်ကုမ္ပဏီကြီးတွေ တော်တော်များများ ချိတ်ဆက် ပါဝင်ထားပါတယ်။ ဒါ့အပြင် ဥရောပ ဒုံးကျည် ကုမ္ပဏီ MBDAကလည်း ဝင်ရောက် အားဖြည့်ထားပါတယ်။ နောက်ထပ် လာရောက် ပူးပေါင်းလာမယ့် နိုင်ငံတွေလည်း ရှိကောင်း ရှိလာနိုင်သေးတယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။ အသစ်တည်ဆောက်မယ့် တိုက်လေယာဉ်တွေဟာ ဗြိတိန်ရဲ့ Typhoonနဲ့ ဂျပန်ရဲ့ F-2တွေ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

ဒီစီမံကိန်းနဲ့အပြိုင် ဥရောပ ၃ နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့ကလည်း နောက်ထပ် ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်တစ်စီး ဖန်တီးဖို့ အားထုတ်နေပြီး ၂၀၄၀ လောက်မှာ လက်တွေ့ ထုတ်လုပ်မှုတွေ စတင်လာနိုင်ပါတယ်။ အမေရိကန်ကလည်း လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံး လေကြောင်း စိုးမိုးရေး တိုက်လေယာဉ်တွေလို့ သတ်မှတ်ထားတဲ့ သူတို့ရဲ့ ပဉ္စမမျိုးဆက် F-22 တွေကို ဆက်ခံမယ့် ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် တည်ဆောက်ရေး NGAD ပရောဂျက်ကို အကောင်အထည် ဖော်နေပါတယ်။ 

အမေရိကန်က မဟာမိတ် နိုင်ငံတွေ ပူးပေါင်းပြီး ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်တွေ တည်ဆောက်မှုကို ထောက်ခံ အားပေးနေပေမယ့် NGAD စီမံကိန်းကိုတော့ တစ်နိုင်ငံတည်းပဲ ရှေ့ဆက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။