နိုင်ငံတကာအစိုးရတွေ မြန်မာပြည်သူတွေဘက်ကရပ်တည်ဖို့ ကျောင်းသားသမဂ္ဂချင်း ချိတ်ဆိတ်လုပ်ဆောင်မယ်

စစ်ကောင်စီကကျောင်းသားလူငယ်တွေအပေါ်သေဒဏ်ချမှတ်တာတွေ၊ပြည်သူလူထုအပေါ်ဖိနှိပ်နေတာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာအစိုးရတွေသိဖို့၊မြန်မာပြည်သူတွေဘက်က ရပ်တည်လာဖို့အရေး နိုင်ငံတကာ ကျောင်းသား သမဂ္ဂတွေနဲ့ ချိတ် ဆက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက် က DNA ကိုပြော ပါတယ်။
 
ဒဂုံတက္ကိသိုလ်ကျောင်းသားများ သမဂ္ဂဟာ လတ်တလောမှာ နီပေါနိုင်ငံက နီပေါကျောင်းသားများ သမဂ္ဂနဲ့ ချိတ် ဆက်ဆောင်ရွက်မှုတွေရှိနေပြီး ထိုင်း၊အင်ဒိုနီးရှားစတဲ့ အာဆီယံနိုင်ငံတချို့က ကျောင်းသားသမဂ္ဂတွေအပါအဝင် ဥရောပနိုင်ငံတွေက ကျောင်းသားသမဂ္ဂတွေနဲ့လည်း ဆက်သွယ်နေတယ်လို့ သူကပြောပါတယ်။
 
နီပေါကျောင်းသားများ သမဂ္ဂနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ဟာ ဒီဇင်ဘာ(၇)ရက်က အွန်လိုင်းကနေ တွေ့ဆုံပြီး ကျောင်းသားထုညီညွတ်ရေး၊ကျောင်းသားလူငယ်တွေသတ်ဖြတ်ခံနေရတာတွေကို တားဆီးရေး၊စစ် အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ကျောင်းသားအခြေပြုနိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
 
“နီပေါကျောင်းသားသမဂ္ဂကနေပြီးတော့ နီပေါအစိုးရအဖွဲ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တွန်းအားပေးတဲ့ကိစ္စ တွေ၊တိုက်တွန်းတဲ့ကိစ္စတွေကို ဆောင်ရွက်သွားမှာရှိတယ်၊ကျောင်းသားဆိုတဲ့နေရာကနေပြီးတော့ ဆက်ပြီးတော့ နိုင်ငံတကာကို ဒီသတင်းစကားတွေပြောသွားမှာတွေဆွေးနွေးဖြစ်ပါတယ်”လို့ကိုမင်းဟန်ထက်က ပြောပါတယ်။
 
ဧပြီ(၁၈)ရက်က ရန်ကုန်မြို့မှာ ကမ္ဘာ့ရတနာဘဏ်ခွဲမန်နေဂျာ ဒုတိယဗိုလ်မှူးကြီးဟောင်း စောမိုးဝင်း ပစ်သတ် ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသားခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။
 
အဲ့ဒီလို သေဒဏ်ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး လက်ရှိမှာ ပြည်တွင်းက ကျောင်းသားလူငယ်တွေနဲ့ နိုင်ငံရေး အင်အားစုတွေ၊စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေက ကန့်ကွက်ရှုတ်ချမှု တွေရှိနေပါတယ်။
 
ဒါ့အပြင် မြန်မာကျောင်းသားလူငယ်တွေအပေါ် စစ်အုပ်စုကသေဒဏ်ချမှတ်တာကို ဆန့်ကျင်ပြီး မြန်မာ ကျောင်း သားတွေနဲ့အတူကြောင်း နီပေါကျောင်းသားများ သမဂ္ဂကလည်း နီပေါနိုင်ငံက မြန်မာသံရုံးရှေ့မှာ ဒီဇင်ဘာ(၅) ရက်က ဆန္ဒပြခဲ့ကြပါတယ်။
 
အလားတူ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်က ကျောင်းသားတွေကလည်း အဲ့ဒီတက္ကိသိုလ်အတွင်းမှာ ဒီဇင်ဘာ(၇) ရက်က ဆန္ဒပြခဲ့ကြပါတယ်။မဟီဒေါတက္ကသိုလ်မှာ တက်ရောက်ပညာသင်နေကြတဲ့ မြန်မာကျောင်းသား တွေအ ပါအဝင် ထိုင်း၊ဂျပန်၊ဖိလစ်ပိုင်၊အိန္ဒိယ၊ဗီယက်နမ်၊အင်ဒိုနီးရှား၊နီပေါနိုင်ငံတွေက ကျောင်းသားတွေနဲ့ နိုင်ငံတကာ ကျောင်းသား (၅၀)ဝန်းကျင်လောက်က သေဒဏ်ချခံထားရတဲ့ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြတာပါ။
 
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကောက်ယူထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထား ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား လေးဆယ်ထက်မနည်းရှိနေပြီး သေဒဏ်ချခံထားရသူ ရှစ်ဦးနဲ့ နှစ်ရှည်ထောင် ဒဏ်ချ မှတ်ခံ ထားရသူတွေလည်းရှိနေပါတယ်။