ရခိုင်က စစ်ရှောင်တွေကိုအကူအညီပေးခွင့် ဆက်ပိတ် ခံထားရ

ရခိုင်စစ်ရှောင်တွေကို ကူညီ၊ ထောက်ပံ့ခွင့် အပိတ်ခံထား ရတာ သုံးလနီးပါးရှိပြီဖြစ်တဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေဟာ နှစ်ဘက်အပစ်ရပ်လိုက်ပြီဖြစ်ပေမယ့် ယခု အချိန်အထိ ကူညီခွင့်တွေ မရကြသေးဘူးလို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း ကူညီရေး အဖွဲ့တွေက ပြောကြပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီဟာ ဒုက္ခသည်တွေကို စားနပ် ရိက္ခာနဲ့ ငွေကြေးတွေ အဓိကကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာကူညီရေးအဖွဲ့ တွေကို ပြီးခဲ့တဲ့စက်တင်ဘာ လလယ်ကတည်းကရခိုင်ကမြို့နယ်ခြောက်ခုအတွင်း သွားရောက်ခွင့် ပိတ်ပင်ထားတာပါ။

 

အခု  နှစ်ဘက်တပ်တွေ အပစ်ရပ်ပြီးတဲ့အချိန်အထိ ပြန်ခွင့်ပြုပေးတာမရှိသေးဘဲ ပုံမှန် သွားလာခွင့်တွေ မရ သေးဘူးလို့ အဲဒီကူညီရေးအဖွဲ့ အသိုင်းအဝိုင်း က ပြောပါ တယ်။ 

“ICRC ကလည်း မရသေးဘူး၊WFP ကလည်း မရသေး ဘူး၊အကူအညီကတော့ ဘယ်အဖွဲ့ကမှ မရသေးပါဘူး။ ကိုယ့်ဟာကိုယ် ရုန်းကန်စားနေကြ ရပါတယ်”လို့ ရခိုင်စစ်ရှောင်တဦးက ပြောပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်တွေကို ကူညီ ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုကလည်း လက်ရှိ အချိန်အထိ အကူအညီတွေ လွတ်လပ်စွာ ပေးခွင့် မရသေးသလို စစ်ရှောင်တွေအတွက် ရိက္ခာတွေနဲ့ အဝတ်အ စား တွေကိုလည်း သယ်ယူခွင့်မရကြသေးဘူးလို့ ဆိုပါ တယ်။

“အခုထိ လွတ်လွတ်လပ်လပ်ကူညီလို့ မရသေးပါဘူး ၊စစ်ရှောင်တွေအတွက် ရိက္ခာတွေ သယ်ယူခွင့်မရဘူး၊ စစ်တပ် ဂိတ်တွေကနေ တားတာရှိတယ်”လို့ ဒေသ တွင်း စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတဦးကဆိုပါတယ်။

ဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေဟာ စစ်ရှောင်တွေဆီက အကူအညီတွေ ပြန်လည် ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ  ညှိနှိုင်း ပေါင်းစပ်ရေးရုံး(UNOCHA)ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

အခုလိုမျိုး ကူညီခွင့်တွေ ပိတ်ပင်ခံထားရတာကြောင့် ရခိုင်က စစ်ရှောင်တွေနဲ့ မူဆလင်ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေပြီး ဆောင်းတွင်း ကာလ ရောက်လာပြီဖြစ်လို့ အနွေးထည်နဲ့ စောင် တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်တွေနဲ့ ဒုက္ခသည် တွေက ပြောကြပါတယ်။

“စခန်းတွေမှာ ရိက္ခာ ပြတ်နေတာက ကြာပါပြီ၊ အရေးတကြီးလိုနေတာက ဆန်ပါ၊”လို့ စစ်ရှောင်တွေကို ကူညီပေး နေသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အဲဒီလိုမျိုး လူသားချင်း စာနာမှုဆိုင်ရာအကူအညီပေးသူတွေရဲ့  အထောက် အပံ့တွေ ကို ဖြတ်တောက်၊ ပိတ်ပင်ထားသလို အရင် အရပ်သားအစိုးရလက်ထက် ကတည်းက ပေးလာခဲ့တဲ့ ဆန်ရိက္ခာကို လည်း ယခုနှစ်ဆန်းပိုင်းကစလို့ လုံး၀ ဖြတ်တောက်ထားခဲ့တာပါ။

“လူကယ်ပြန်က ပေးတဲ့ဆန်က အာဏာသိမ်းပြီး ကတည်း က ပုံမှန်မရတော့ဘူး၊လူကယ်ပြန်က ဆန်လုံး၀မရတာ ကိုးလရှိပြီ၊ဘယ်ကမှ အထောက်အပံ့မရတော့ ငတ်တဲ့ သူတွေ ငတ်နေကြပြီ” လို့ ရသေ့တောင်မြို့နယ်က စစ် ရှောင် တဦးက ပြောပါတယ်။

ရခိုင်က စစ်ရှောင်တွေဟာ နိုင်ငံတကာကူညီရေး အဖွဲ့တွေ ဖြစ်တဲ့ ICRC ၊ WFP တို့ရဲ့ အထောက်အပံ့တွေနဲ့  ရပ်တည် နေကြတာဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေက ပြောကြပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ချင်း ပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် တို့မှာ အရပ်သားပြည်သူ ၂၃,၇၀၀ ခန့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ပြီး ယခင်နဲ့လက်ရှိ ပဋိပက္ခတွေ ကြောင့် နေရပ် စွန့်ခွါရသူဦးရေစုစုပေါင်း ၉၈,၅၀၀ ကျော် ရှိလာပြီဖြစ်‌ကြောင်း UNOCHA ကဆိုပါတယ်။