အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေကြား ဆက်ဆံရေး ပိုကောင်းလာဖို့နဲ့ လူငယ်တွေရဲ့ အသံကို NUG က သိရှိနိုင်ဖို့ စစ်တမ်းတရပ်ကောက်ယူမယ်လို့ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-ဗဟို) က ကြေညာပါတယ်။
အဲ့ဒီစစ်တမ်းကို အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ (အကလ-ဗဟို) ရဲ့လူမှုကွန်ရက်စာမျက်နှာ၊ ဖက်ဒရယ်ကျောင်းတွေနဲ့ လူငယ်အများဆုံးရှိတဲ့ နေရာတွေမှာ ကောက်ယူသွားမှာ ဖြစ်တယ်လို့လည်း အကလ-ဗဟို ဥက္ကဌက ပြောပါတယ်။
“စစ်တမ်းကိုတော့ ဒီရက်ပိုင်း၊ ဒီအပတ်အတွင်းမှာ ကောက်ယူဖို့ စီစဥ်နေပါတယ်၊ ဒါပေမယ့်အချိန်ကတော့ မတူနိုင်ပါဘူး” လို့ (အကလ- ဗဟို) ဥက္ကဌက ပြောပါတယ်။
စစ်တမ်းကနေရရှိလာတဲ့ သဘောထားဆန္ဒ၊ အမြင်တွေကို NUG၊ NUCC စတဲ့အဖွဲ့အစည်းတွေဆီပေးပို့ကာ အပြန်အလှန် ဆွေးနွေး၊ တိုင်ပင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သူကဆိုပါတယ်။
အခုလို စစ်တမ်းကောက်ယူဖို့ ဖြစ်လာတာဟာ NUG အစိုးရ၊ NUCC စတဲ့ ဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ ကျောင်းသားထုရဲ့ တောင်းဆိုချက်တွေအပြင် တခြားအဖြစ်အပျက် အများအပြားမှာလက်တွေ့အကောင်အထည် ပေါ်မလာတာတွေကြောင့် ဖြစ်တယ်လို့ အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ (အကလ- ဗဟို) ဥက္ကဌက ပြောပါတယ်။
လက်ရှိအခြေအနေမှာ တော်လှန်ရေးရဲ့အဓိက နေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တွေနဲ့ တော်လှန်ရေးတပ်ဦး အစိုးရဖြစ်တဲ့ NUG တို့ကြား ယုံကြည်မှုယိုယွင်းနေပြီး စစ်တမ်းကနေ ထွက်ပေါ်လာတဲ့ လူငယ်တွေရဲ့ မေးခွန်း၊ ထောက်ပြမှုနဲ့ တောင်းဆိုမှုတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ အသိပေး၊ ထောက်ပြ၊ တောင်းဆိုသွားမှာဖြစ်တယ်လို့ အကလ-ဗဟိုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“အကျိုးဆက်တွေအနေနဲ့တော့ NUG နဲ့ကျောင်းသားထုကြားထဲမှာ ယုံကြည်မှုတွေကို ပိုပြီးတော့ ယုံကြည်မှု တည်ဆောက်လာနိုင်မယ်၊ ကျွန်တော်တို့ဘက်ကလည်း NUG ကို ဘယ်လိုမျိုးကူညီရမလဲ၊ NUG ကလည်း လူငယ်ထုအပေါ် ပိုပြီးလွှမ်းမိုးလာနိုင်မယ်” လို့ အကလ- ဗဟို ဥက္ကဌက ဆိုပါတယ်။
လက်ရှိ စစ်အာဏာသိမ်းကာလအတွင်း ကျောင်သားထုညီလာခံက ထွက်ပေါ်လာတဲ့ တောင်းဆိုချက် တွေနဲ့ ပတ်သက်ပြီး NUG အစိုးရကတဆင့် NUCC အထိ တောင်းဆိုခဲ့ပေမယ့် ဖက်ဒရယ်ပညာရေး အထောက်အကူပြုကော်မတီ (JCC) ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားလူငယ်တွေရဲ့ တောင်းဆိုချက်တွေကို ဖက်ဒရယ်ပညာရေး အထောက်အကူပြုကော်မတီနဲ့ဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့တာတွေရှိပေမယ့် အဲ့ဒီကော်မတီအနေနဲ့ အစည်းအဝေး တကြိမ်သာခေါ်ပြီး ဆက်လက်အကောင်အထည်ဖော်တာ မရှိဘူးလို့ ဆိုပါတယ်။