ပြီးခဲ့တဲ့ ဇွန်လထဲမှာစစ်ကောင်စီတပ်တွေဖမ်းဆီးသွားတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ကိုလင်းထက်နိုင် (ခေါ် ) ကိုဂျိမ်းကို ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅-က နဲ့ထောင် ၃နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေပြောပါတယ်။
ဒါ့အပြင် ကိုလင်းထက်နိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀-ညနဲ့ထပ်ပြီး တရားစွဲဆိုထားတာကြောင့် အဲဒီပုဒ်မကိုဆက်ရင်ဆိုင်ရဖို့ရှိနေတယ်လို့လည်းဆိုပါတယ်။
ဗကသကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်တဲ့ ကိုလင်းထက်နိုင်ကိုတော့ ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့နယ်မှာ ဖမ်းဆီးသွားပြီး စွပ်စွဲချက်တွေနဲ့ ပုဒ်မတွေတပ်တရားစွဲဆိုပြီး အခုလိုထောင်ဒဏ်တွေချမှတ်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာတော့ ရန်ကုန်အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပို့ရာနေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုလင်းထက်နိုင်ကိုထောင်ဝင်စာလာပို့တဲ့ မိခင်ဖြစ်သူ ဒေါ် ကြီးမြင့်ဟာလည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာပါဝင်ခဲ့ပါတယ်။
ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ ကိုလင်းထက်နိုင်ဟာ အစိုးရအဆက်ဆက်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေဆက်တိုက်လုပ်ခဲ့ပြီး ထောင်အကြိမ်ကြိမ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပါတယ်။
ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ နဲ့ ကျောင်းသားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးထောင်ချခဲ့ပါတယ်။