ကလေးမြို့အနောက်ပိုင်း၊မြို့လှရပ်ကွက်အတွင်းမှာ PDF တပ်ဖွဲ့ဝင်တဦးရဲ့နေအိမ်ကိုလာရှာတဲ့ စစ်ကောင်စီစစ်သားတွေ ဒီဇင်ဘာ( ၇) ရက် ဒီကနေ့ နေ့လယ်တစ်နာရီကျော်မှာမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအင်အားလေးဆယ် ဝန်းကျင်နဲ့ ရပ်ကွက်ထဲဝင်လာပြီး နေအိမ်တအိမ် ကိုသွားဖို့ မေးမြန်းခဲ့တာတွေ့ရပြီးလမ်းပေါ်မှာ မိုင်းဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံ တွေကတော့ PDF တပ်ဖွဲ့ဝင်ရဲ့နေအိမ်ကိုလာ ရှာတာလို့ပြောပါတယ်။
“သူတို့ရှာတဲ့အိမ်ကို တိတိကျကျသိပုံမရဘူး၊ အဲလိုရှာနေတုန်းမှာ မိုင်းဆွဲခံလိုက်ရတာ၊ မိုင်းက လေးငါးလုံးဆက်တိုက်တောင်ပေါက်တာ” လို့ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီစစ်သားတွေ ထိခိုက်သေဆုံးမှုရှိတာသေချာပေမယ့် ဘယ်နှဦးသေဆုံးတယ်ဆိုတာတော့ မသိနိုင်သေးဘူး အဆိုပါရပ်ကွက်နေထိုင်သူတွေကပြောပါတယ်။
မိုင်းဆွဲခံရပြီးနောက်မှာ စစ်သားတွေက ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေကြပြီး ကလေးမြို့ ဒ.က.စ ကပါလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရပ်ကွက်နေပြည်သူတွေဟာ လမ်းမပေါ်ကိုမထွက်ရဲဘဲ နီးစပ်ရာနေရာမှာ ပုန်းနေကြရတယ်လို့ ဆိုပါတယ်။
မိုင်းခွဲခံရအပြီးမှာစစ်သားတွေဟာ ရပ်ကွက်တွင်းက ဆယ်ကျော်သက်လူငယ်တချို့ကို ဖမ်းဆီးထားတယ်လို့ လည်းသိရပါတယ်။
” ကလေးလေးတွေဖမ်းထားတယ်၊ပစ္စည်းသယ်ခိုင်းမလို့လို့ပြောတယ်” လို့ အဆိုပါရပ်ကွက်သားတဦးကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ လူငယ်တွေဟာဆယ်ကျော်သက်အရွယ်တွေဆိုတာ ဒေသခံတွေဆီကသိရပေမယ့် ဘယ်နှဦးဖမ်းခံရတယ်ဆိုတာ အတိအကျမသိရသေးပါဘူး။