ကြက်ဥနဲ့ ပစ်ပေါက်မှုကို ဒုတိယအကြိမ် ကြုံခဲ့ရပြန်တဲ့ ချားလ်စ်ဘုရင်

ဗြိတိန်ဘုရင် ချားလ်စ်ကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တဲ့ အမျိုးသား တစ်ဦးကို ဗြိတိန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

 

အသက် ၂၀ အရွယ် အမျိုးသားဟာ အသေးစား ရန်ပြုမှု စွပ်စွဲချက်နဲ့ အမှုရင်ဆိုင်ရဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဒီဇင်ဘာ ၆ ရက်က လူတန်မြို့ကို ချားလ်စ်ဘုရင် ရောက်ရှိနေပြီး မြို့ခံတွေနဲ့ တွေ့ဆုံချိန်မှာ အခုဖြစ်ရပ် ကြုံတွေ့ခဲ့တာပါ။

 

ဘတ်ဖို့ဒ်ရှိုင်းယား ရဲဌာနက ဘုရင့်ဆီ ဦးတည်ပြီး ပစ်ပေါက်တယ်လို့ ယုံကြည်ရတဲ့ ကြက်ဥတစ်ခုကို တွေ့ရှိတဲ့နောက် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် သက်တော်စောင့်တွေက ချားလ်စ်ဘုရင်ကို လူစုလူဝေးနဲ့ ဝေးရာဆီ ခဏလောက် ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဘုရင်က ပြည်သူတွေနဲ့ ဆက်လက် တွေ့ဆုံပြီး လက်ဆွဲနှုတ်ဆက်ရင်း စကားပြောနေခဲ့တာ တွေ့ရပါတယ်။

 

ချားလ်စ်ဘုရင်ကို ကြက်ဥနဲ့ ပစ်ပေါက်တာဟာ ဗြိတိန်ရဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု တစ်ခုအနေနဲ့ ယေဘုယျ ယူဆနိုင်ပါတယ်။ ချားလ်စ်ဟာ ဘုရင်ဖြစ်လာတာ သိပ်မကြာသေးပေမယ့် တစ်လအတွင်းမှာတင် ကြက်ဥနဲ့ ပစ်ပေါက်မှု နှစ်ကြိမ် ကြုံခဲ့ပြီးပါပြီ။

 

လွန်ခဲ့တဲ့ လေးပတ်လောက်တုန်းကလည်း ချားလ်စ်ကို ကြက်ဥနဲ့ လှမ်းပေါက်တဲ့ တက္ကသိုလ် ကျောင်းသားတစ်ဦးကို ယော့ခ်မြို့မှာ ရဲတွေ့ ဖမ်းဆီးခဲ့ပါသေးတယ်။ အဲဒီ တက္ကသိုလ် ကျောင်းသားက ဗြိတိန်ဟာ ကျေးကျွန်တွေရဲ့ သွေးနဲ့ တည်ဆောက်ထားရတာလို့ အော်ဟစ်ပြီး ချားလ်စ်ကို ကြက်ဥနဲ့ လှမ်းပေါက်ခဲ့တာ ဖြစ်ပါတယ်။

 

အခုလို အလားတူ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တော်ဝင်မိသားစုဖက်က ပုံကြီးချဲ့တာမျိုး မရှိပေမယ့် လုံခြုံရေး ရှုထောင့်ကကြည့်ရင် အရမ်း စိုးရိမ်စရာ ကောင်းတယ်လို့ နိုင်ငံတကာ လုံခြုံရေး သုတေသီ တချို့က သတိပေးထားပါတယ်။