မတူပီမှာ မြေပြိုလမ်းပိတ်လို့ စုဝေးစောင့်ဆိုင်းနေရသူတွေ ပစ်ခတ်ဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့ လေမျိုချောင်းအနီးမှာ မြေပြိုလို့လမ်းပိတ်နေတာကြောင့် အလှည့်ကျ သွားလာဖို့ စုဝေးစောင့်ဆိုင်းနေတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မတူပီမြို့ခံတွေက DNA ကိုပြောပါတယ်။

မတူပီမြို့တဝိုက် ကျေးရွာဒေသတွေကနေ မြို့ပေါ်ကိုသွားတဲ့ ဒေသခံတွေ လေမျိုချောင်းအနီး မြေပြိုထားတဲ့နေရာကို ဖြတ်သန်းဖို့ ဒီဇင်ဘာ (၅) ရက် မနက်ပိုင်းက စုဝေးစောင့်ဆိုင်းနေချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ကနဦးခြောက်လှန့်ပစ်ခတ်ခဲ့ပြီး လာရောက်ဖမ်းဆီးသွားလို့ ဆယ်ဦးထက်မနည်း အဖမ်းခံရတယ်လို့ ဆိုပါတယ်။

မတူပီမြို့နဲ့ မင်းတပ်မြို့ကို ဆက်သွယ်ထားတဲ့ မတူပီ-မင်းတပ်လမ်းဟာ လေမျိုချောင်းအနီးမှာ မိုးရာ သီကတည်းက မြေပြိုထားလို့ သွားလာရခက်ခဲနေပြီး ဆိုင်ကယ်နဲ့လာသူတွေ တဦးတည်း ဖြတ်သန်းဖို့ မလွယ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရွာတွေကနေ မြို့ပေါ်ကို စျေးတက်ဝယ်သူတွေ၊ ဆေးခန်းပြဖို့လာသူတွေဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတူပီရဲစခန်းထဲ ခေါ်သွားတယ်လို့ မျက်မြင်မြို့ခံတွေက ပြောကြပြီး ပြန်လွှတ်ပေးတာ ရှိမရှိဆိုတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။