စစ်တပ်ပစ်ခတ်မှုတွေကြောင့်တလအတွင်း ပြည်သူ့နေအိမ်ရှစ်ဆယ်ကျော် ဆုံးရှုံးခဲ့တယ်လို့ KNU ပြော

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေနဲ့ KNLA/ KNDO တပ်တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက် နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နို ဝင်ဘာလအတွင်း ပြည်သူနေအိမ် ရှစ်ဆယ်ကျော် ပျက် စီးဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ KNU က ထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီတပ်တွေအနေနဲ့ KNU အုပ်ချုပ်နယ်မြေအတွင်းမှာ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ်မီးရှို့တာတွေအပါအဝင် အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးထားတာတွေကို ဆက်ပြီးကျူးလွန်နေတယ်လို့ KNU ကဆိုပါတယ်။
 
စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေအပြင် အကြောင်းမဲ့ဖမ်းဆီးခံရတဲ့အရပ် သား (၁၉) ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဒါ့အပြင်စစ်ကောင်စီဘက်က တိုက်ခိုက်တာတွေနဲ့ မီးရှို့တာတွေကြောင့် ပြည်သူပိုင်နေအိမ်တွေအပြင် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်း အ ဆောက်အအုံတွေလည်း ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်တွေက ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဒီလိုစစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနေ့စဉ်ပြုလုပ်နေတာကြောင့် နိုဝင်ဘာလထဲမှာ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲပေါင်း သုံးရာနီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲတွေအတွင်း KNLA / KNDO ဘက်က စစ်ကောင်စီစစ်ကား ၂၂ စီးကိုဖျက်ဆီးနိုင်ခဲ့ပြီး တပ်စခန်း (၃) ခု၊ ရဲစခန်း (၃) ခု တို့ကို တိုက်ခိုက်ဖျက် ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
အဲ့ဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က (၃၃၃) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၃၇) ဦးရှိခဲ့ကာ KNLA / KNDO တို့ဘက်ကလည်း (၃၀) ဦး အသက်စွန့်ခဲ့ရပြီး (၆၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။