ပန်းပင်ကြီးလမ်း သပိတ်ဖြိုခွဲခံရမှုတနှစ်ပြည့်ချိန် အဲ့ဒီလမ်းအနီးမှာပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊ ပန်း ပင်ကြီး လမ်းမှာ ပြောက်ကျားသပိတ်တခုအကြမ်း ဖက် ဖြိုခွဲခံရမှု တနှစ်ပြည့်တဲ့ ဒီဇင်ဘာ(၅)ရက်မနေ့က ညပိုင်းကအဲ့ဒီလမ်းမှာပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။
 
အဲ့ဒီဗုံးဖောက်ခွဲတိုက်ခိုက်မှုကို ကြည့်မြင်တိုင်အင် အားစု KMD18 နဲ့ UMDC အင်အားစု Yangon Underground Youth Organization(YUYO) တို့က ဖောက်ခွဲခဲ့တာလို့ UMDC ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
 
“မနေ့က ပန်းပင်ကြီးလမ်း ဖြစ်စဉ် တနှစ်ပြည့်မှာ သူတို့ထိတ်လန့်နေပြီး အရင်ထက် ပိုတဲ့ ရှာဖွေစစ်ဆေးမှုတွေလုပ်ပါတယ်၊တခုခုဖြစ်မှာသူတို့စိုးရိမ်နေတာ သိရပါတယ်၊အဲ့ဒါနဲ့ ကျွန်တော်တို့က သူတို့ခြောက်ခြားဖို့ရယ် ပန်းပင်ကြီးလမ်း၊တနှစ်ပြည့် အထိမ်း အမှတ်ဖြစ်အောင်ရယ်ရည်ရွယ်ပီး ဖောက်ခွဲခဲ့တာပါ”လို့ သူကဆိုပါတယ်။
 
ကြည့်မြင်တိုင်မြို့နယ် ၊မကျည်းတန်းမြောက်အရှေ့ရပ်ကွက်၊ပန်းပင်ကြီးလမ်း၊မျက်မမြင်ကျောင်းအ ရှေ့မှာ ရပ်ထားတဲ့(၁၂)ဘီးယာဉ် နှစ်စီးကြားမှာ မနေ့က ညကိုးနာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့သိရပါတယ်။
 
ပေါင်ကွဲမှုကြောင့် ၁၂ ဘီးယာဉ်တစီးရဲ့ယာဉ်နောက်လိုက် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ ပန်းပင်ကြီးလမ်းမှာ နေထိုင်တဲ့ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
“ပေါက်တာက နဲနဲပြင်းတယ်၊၁၂ဘီးကားရဲ့စပါယ်ယာတယောက်ထိသွားလို့ ဒီနားက လူမှုကူညီအ သင်းကားနဲ့သယ်ပြီးဆေးရုံကို ခေါ်သွားတယ်”လို့ သူကပြောပါတယ်။
 
ပေါက်ကွဲမှုအပြီးမှာစစ်ကောင်စီတပ်တွေ ရောက် လာပြီးစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။မနေ့ကမနက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအဲ့ဒီလမ်းနားအရပ်ဝတ်တွေနဲ့စောင့်ဆိုင်းနေတာတွေရှိတယ်လို့ အဲ့ဒီလမ်းအနီးနေထိုင်သူတွေဆီကသိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ဒီဇင်ဘာ ၅ရက် ညနေပိုင်းမှာ တော်လှန်လူငယ်အချို့က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှောက်ဆန္ဒပြနေစဥ်မှာ စစ်ကားတစ်စီးက အရှိန်ပြင်းပြင်းမောင်းလာပြီးဆန္ဒပြလူအုပ်ထဲ ဝင်တိုက်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်သူတွေရှိခဲ့ပြီး ဒီဖြစ်စဥ်ဟာ ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်ပျံနှံ့ခဲ့ပါတယ်။
 
အဲ့ဒီအချိန်က အခင်းဖြစ်ပွားစဉ် အနီးအနားမှာရှိသူတွေက လူငယ်တချို့ကားတိုက်ခံရတာကြောင့် သေ ဆုံးမှုရှိခဲ့တယ်လို့ဆိုပေမယ့် စစ်ကောင်စီဘက်က တော့ လူသေဆုံးမှုမရှိကြောင်းနဲ့အမျိုးသမီး တဦးနဲ့အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး (၁၁)ဦးဖမ်းဆီးခံရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
 
အခုနှစ်စက်တင်ဘာလအတွင်းကလည်း ပန်းပင်ကြီးလမ်းမှာ ပြောက်ကျားသပိတ်လုပ်ဖို့ရောက်နေတဲ့လူငယ်တွေကို စစ်ကောင်စီက ကြိုတင်အချိန်ယူစောင့်ဆိုင်းပြီး ဖမ်းဆီးခဲ့တာကြောင့် (၁၅)ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပါသေးတယ်။