စစ်ကောင်စီက ဖျက်အားပြင်း လေယာဉ်ပစ်ဗုံးတွေအသုံးပြု တိုက်ခိုက်တာကို ခံနေရတဲ့ ဒီးမော့ဆိုက ဒေသခံကာကွယ်ရေး တပ်သားတွေအတွက် လိုအပ်နေတဲ့ တိုက်ပွဲသုံးပစ္စည်းတွေအတွက် အရေးပေါ်ကျည်ကမ်ပိန်း ကို ဒီဇင်ဘာ ၅ ရက်က စတင်ခဲ့ပါတယ်။
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့အဖွဲ့ဖြစ်တဲ့ DMO PDF – Fundraising အဖွဲ့ဝင်တစ်ဉီးက “ ကျွန်တော်တို့ လေယာဉ်တွေကို ဘာမှမလုပ်နိုင်ရင်တောင် မြေပြင်ကလာတဲ့ သူတွေကိုတော့ သေသေချာချာ တိုက်ခိုက်နိုင်ဖို့လိုတယ် ” လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်က ဒီးမော့ဆိုမြို့နယ်အတွင်းက ကုန်းသာ၊ သေးဆူလဲ၊ ပူဖားနဲ့ ဒေါကမီး ကျေးရွာတွေမှာ တပ်စွဲထားပြီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာတွေကို မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်တွေ စုပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်တွေဘက်က အထိနာခဲ့ပြီး စခန်းတချို့ကိုလက်လွှတ်ခဲ့ရတာကြောင့် ဖျက်အားပြင်း လေယာဉ်ပစ်လက်နက်ကြီးတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရရှိထားတဲ့နေရာတွေမှာ နယ်မြေရှင်းလင်းတာ၊ မိုင်းရှာဖွေတာ၊ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်တာ စတာတွေကို လုပ်ဆောင်လျှက်ရှိတယ်လို့ သိရပါတယ်။