ဆူဒန်နိုင်ငံမှာ အရပ်ဖက် အုပ်ချုပ်ရေး စနစ်ဆီ ပြန်လည် ပြောင်းလဲဖို့ လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှု မူကြမ်းကို အာဏာသိမ်း စစ်တပ်နဲ့ ဒီမိုကရေစီ အင်အားစုတွေက လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဏာသိမ်းခဲ့တဲ့ စစ်တပ်က အရပ်သား အစိုးရဆီ အာဏာလွှဲပေးမယ်လို့ စာချုပ်ထဲမှာ လက်မှတ်ရေးထိုး ကတိပြုထားပေမယ့် ဆူဒန် နိုင်ငံရေးမှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တချို့ မပါဝင်တာရယ်၊ အာဏာလွှဲပြောင်းပေးမယ့် ကာလကို တိတိကျကျ သတ်မှတ် မထားတာရယ်တွေက ဝေဖန် ထောက်ပြစရာ ဖြစ်နေပါတယ်။
အာဏာပြန်လည် လွှဲအပ်ရေးဆိုင်ရာ မူဘောင် သတ်မှတ်ချက် သဘောတူညီမှုကို အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ အက်ဘ်ဒဲလ် ဖာတား ဘာဟန်၊ မိုဟာမက် ဟမ်ဒန်း ဒါဂါလိုတို့နဲ့ လွတ်လပ်ရေးနဲ့ ပြောင်းလဲမှု ကြေညာရေး ဒီမိုကရေစီ အင်အားစုဖက်က ခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
အဲဒီ သဘောတူညီမှုမှာ နိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားနိုင်မယ့် လုပ်ငန်းစဉ်တွေ ညှိနှိုင်းထားပေမယ့် စစ်တပ် အာဏာလွှဲပြောင်းမယ့် နောက်ဆုံးရက် သတ်မှတ်ချက်မျိုး မပါရှိတဲ့အပေါ် ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ ဆူဒန် စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့နောက် ပြည်သူလူထုဆီက ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ နိုင်ငံတကာ အထောက်အပံ့တွေ ခန်းခြောက်လာပြီး ပြည်တွင်းမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီ စျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်း စစ်ပွဲကြောင့် ဆူဒန်ကို ဂျုံတင်ပို့မှုတွေ လျော့ကျသွားခြင်းကလည်း အခြေအနေတွေကို ပိုပြီး ဆိုးရွားစေခဲ့ပါတယ်။
နောက်ပြီး စစ်တပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တွေက ဆန္ဒပြ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုတွေလည်း ရှိခဲ့ပါတယ်။ အခု သဘောတူညီမှုဟာ ဘက်ပေါင်းစုံက နိုင်ငံရေး အကျပ်အတည်းတွေ ရင်ဆိုင်လာရတဲ့ စစ်တပ်အတွက် ထွက်ပေါက်ရှာမှု တစ်ခုလို့ ဝေဖန်တာတွေ ရှိနေပါတယ်။
အရင်က ဆူဒန်မှာ သူပုန် အဖွဲ့အစည်းဟောင်းတွေ ဖြစ်ခဲ့ဖူးပြီး အခုအခါ သီးခြား နိုင်ငံရေး အင်အားစုတွေ အနေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဒီသဘောတူ လက်မှတ်ရေးထိုးမှုကို လက်မခံကြောင်း အသီးသီး ကြေညာထားကြပါတယ်။
နောက်ပြီး သဘောတူညီမှုမှာ ပါရှိတဲ့ အချက်အများစုဟာ ဆူဒန် စစ်တပ်နဲ့ အရပ်ဖက် အစိုးရတို့ အာဏာမျှဝေ အုပ်ချုပ်ဖို့ ၂၀၂၀ ပြည့်နှစ်မှာ ရရှိထားတဲ့ ကနဦး သဘောတူညီမှု မူကြမ်းပါ အချက်တွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သဘောတူညီမှု မူကြမ်းအရ ဆူဒန် အစိုးရဟာ နိုင်ငံရေးကနေ တစ်ဆင့်ချင်း ဆုတ်ခွာပေးမယ်လို့ ဆိုပေမယ့် အဲဒီ အတောအတွင်း အရပ်သား အစိုးရနဲ့ ဆက်ဆံရေး မပြေလည်တာနဲ့ နောက်တစ်ကြိမ် အာဏာသိမ်းမှာကို ပြည်သူတွေက စိုးရိမ်နေကြဆဲပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ အခုသဘောတူညီမှုဟာ ဆူဒန်မှာ အရပ်သား ဦးဆောင်တဲ့ အစိုးရဆီ အာဏာ လွှဲပြောင်းပေးရေးအတွက် လမ်းသစ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ စစ်တပ် အာဏာသိမ်းမှုကြောင့် ရုန်းကန်နေရတဲ့ ဆူဒန်ဟာ နိုင်ငံ အနောက်ပိုင်းနဲ့ တောင်ပိုင်းမှာလည်း ဒေသခံ တိုင်းရင်းသားတွေကြား ပဋိပက္ခတွေကြောင့် နယ်မြေ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။