တောင်ကိုရီးယားနဲ့ နယ်စပ်ရေပြင်နားကို မြောက်ကိုရီးယား လက်နက်ကြီးတွေနဲ့ ပစ်ခတ်

တောင်ကိုရီးယားနဲ့ ရေပိုင်နက် ထိစပ်နေရာ ပင်လယ်ပြင် တဝိုက်ကို မြောက်ကိုရီးယားက လက်နက်ကြီး အချက်ရေ ၁၃၀ လောက် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

 

ဒီဇင်ဘာ ၅ ရက်က ပင်လယ်ပြင်ကို လက်နက်ကြီး ကျည်ဆန်တွေ အမြောက်အမြား ပစ်ခတ်ခဲ့တာဟာ တောင်ကိုရီးယားကို ခြိမ်းခြောက် သတိပေးလိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

 

တောင်ကိုရီးယား စစ်တပ်က ကုန်းတွင်း နယ်နိမိတ် ထိစပ်နေတဲ့ ချီရော်ဝေါင် မြို့မှာ လက်နက်ကြီး ပစ်ခတ်တဲ့ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက အခုလို တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။ တောင်ကိုရီးယားရဲ့ စစ်ရေး လေ့ကျင့်မှုဟာ ဒေသတွင်း တင်းမာမှုတွေကို ပိုမို ဆိုးရွားစေတယ်လို့လည်း မြောက်ကိုရီးယားက စွပ်စွဲပါတယ်။

 

မြောက်ကိုရီးယားက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်တွေဟာ နှစ်နိုင်ငံ ကြားခံရေပြင် သတ်မှတ်ထားရာ နေရာရဲ့ မြောက်ကိုရီးယားနဲ့ ပိုနီးတဲ့ဖက်ကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

 

အဲဒီနောက် တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယားဆီ ဆက်သွယ်ပြီး နှုတ်အားဖြင့် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ရေပိုင်နက်ထဲထိ မြောက်ကိုရီးယား လက်နက်ကြီး ကျည်ဆန်တွေ ကျရောက်တယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားရပါဘူး။

 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမို မြင့်တက်လာတဲ့နောက် မြောက်ကိုရီးယားရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အနီးကပ် စောင့်ကြည့်နေပါတယ်။

 

မြောက်ကိုရီးယားဟာ နည်းပညာအရ ခေတ်နောက်ကျနေပေမယ့် အင်အား တောင့်တင်းလွန်းတဲ့ လက်နက်ကြီး တပ်မျိုးကို ပိုင်ဆိုင်ထားကြောင်း နိုင်ငံတကာ စစ်ရေး သုတေသီတွေက သုံးသပ်ကြပါတယ်။