ဆောင်းရာသီအတွင်း ယူကရိန်း-ရုရှား စစ်မြေပြင်မှာ တိုက်ပွဲတွေ အရှိန်လျော့သွားနိုင်တယ်လို့ အမေရိကန် အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲက မှတ်ချက်ပေးသွားခဲ့ပါတယ်။
အက်ဗရယ်လ် ဟိုင်းနက်စ်က ဆောင်းတွင်းမှာ ရုရှားရော၊ ယူကရိန်းပါ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို အရှိန်လျှော့ပြီး လက်နက်၊ ရိက္ခာနဲ့ လူသူ စုဆောင်းမှုတွေကို ပိုမို အာရုံစိုက်လာနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ ယူကရိန်း စစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အရှိန်လျော့သွားတဲ့ လက္ခဏာမျိုး မတွေ့ရသေးဘူးလို့ သူက ဆိုတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်လို့ စတင်ခဲ့တဲ့ စစ်ပွဲဟာ အခုဆိုရင် ၉ လကျော်ပြီး ၁၀ လထဲ ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ အရှိန်ဟာ အတန်အသင့် လျော့ကျလာတဲ့ အရိပ်လက္ခဏာတွေ တွေ့နေရကြောင်း၊ လာမယ့် လပိုင်းတွေအတွင်း အဲဒီ အခြေအနေတွေက ပိုပြီး ထင်သာမြင်သာ ရှိလာမယ်လို့ ယုံကြည်ကြောင်း ဟိုင်းနက်စ်က မှတ်ချက် ပေးခဲ့ပါတယ်။
ဆောင်းရာသီအတွင်း ရုရှားက ဘာတွေ လုပ်လာနိုင်တယ် ဆိုတာကိုတော့ ခန့်မှန်းရတာ ပိုခက်ကြောင်း၊ ယူကရိန်းရဲ့ စစ်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ရင်တော့ ပိုမို အကောင်းမြင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဟိုင်းနက်စ်က ဆိုပါတယ်။
ယူကရိန်းရဲ့ ဆောင်းတွင်းဟာ ရေခဲမှတ်အောက်အထိ အေးခဲလေ့ရှိပြီး နှစ်ဖက်စလုံးအတွက် စစ်ဆင်ရေး လှုပ်ရှားမှုတွေမှာ အကြီးအကျယ် အကျပ်ရိုက်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင် အနေနဲ့ ဒီကာလမျိုးထိ စစ်ပွဲက ရှည်ကြာလာမယ်လို့ ယူဆခဲ့ဟန် မရှိသလို ဆောင်းရာသီ စစ်ပွဲတွေအတွက် လုံလောက်တဲ့ အစီအမံမျိုးတွေ ရှိနိုင်ပါ့မလား ဆိုတာမျိုးလည်း ဟိုင်းနက်စ်က မေးခွန်းထုတ်ခဲ့ပါတယ်။
လောလောဆယ်တော့ ရုရှားဟာ ဆောင်းတွင်းမှာ ယူကရိန်း ပြည်သူတွေ အကျပ်တွေ့အောင် ဓာတ်အားပေး ကွန်ရက်တွေ အပါအဝင် အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ဖျက်ဆီးပစ်နေပေမယ့် ရှေ့တန်း စစ်မျက်နှာက ယူကရိန်း တပ်တွေကိုတော့ မဟန့်တားနိုင်တာကို တွေ့ရပါတယ်။