ရန်ကုန်မှာ တက္ကစီယာဥ်မောင်းတဦး လုယက်သတ်ဖြတ်ခံရ

ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်မှာ နေထိုင်တဲ့ တက္ကစီယာဥ်မောင်တဦးဟာ ကားအငှားလိုက်သွားရာက လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက DNA ကိုပြောပါတယ်။

လုယက်သတ်ဖြတ်ခံရသူဟာ တက္ကစီယာဥ်မောင်း ကိုရှိန်းသူစိုးဖြစ်ပြီး နိုဝင်ဘာ (၁) ရက် ညနေပိုင်းမှာ အမျိုးသားနှစ်ဦးနဲ့ ကားအငှားလိုက်သွားပြီးနောက် လုယက်သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယာဥ်မောင်း ကိုရှိန်သူစိုးကို ရွှေပြည်သာ လှော်ကား ကျောက်ခွဲစက်အနီးမှာ သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ရုပ်အလောင်းသာ ပြန်တွေ့ရပြီး တက္ကစီလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လမ်းသွား လမ်းလာတွေက ရုပ်အလောင်းတွေ့လို့ ရဲစခန်းကိုအကြောင်းရာကတဆင့် လုယက်သတ် ဖြတ်ခံရကြောင်း မိသားစုက သိရတာဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကစီယာဥ်မောင်း ကိုရှိန်းသူစိုးရဲ့ ရုပ်အလောင်းမှာ လည်ပင်းထိုးသွင်း ဒဏ်ရာရထားကာ သွေးထွက်လွန်ပြီး သေဆုံးကြောင်း သိရတယ်လို့ သေဆုံးသူရဲ့ မိသားစုက ပြောပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းကလည်း တာမွေမြို့နယ်က တက္ကစီယာဥ်မောင်းတဦး ရန်ကုန်မြို့ တွင်း ကားအငှားလိုက်သွားရာက ကားနဲ့အတူပျောက်ဆုံးနေပြီး လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။