အပူပေးစနစ် လုံးဝမရှိဘဲ ဆောင်းတွင်းကို ဖြတ်သန်းရနိုင်ကြောင်း ကိယက်ဗ် မြို့တော်ဝန် သတိပေး 

ဆောင်းတွင်း တစ်တွင်းလုံး အနွေးပေး စနစ်တွေ အသုံးမပြုနိုင်တဲ့ အခြေအနေမျိုးအတွက် ကြိုတင် တွေးတော ပြင်ဆင်ထားကြဖို့ ကိယက်ဗ် မြို့ခံတွေကို မြို့တော်ဝန်က သတိပေး ပြောကြားလိုက်ပါတယ်။ 

ယူကရိန်းရဲ့ ဆောင်းရာသီဟာ ရေခဲမှတ်လောက်ထိ အလွန်အကျွံ အေးခဲတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဆောင်းတွင်း ဝင်ရောက်လာချိန်မှာ ရုရှားဟာ ယူကရိန်းက ဓာတ်အားပေး ကွန်ရက်တွေ အပါအဝင် အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်ပြီး အပူပေး စနစ်တွေပါ အသုံးပြုလို့ မရတော့ပါဘူး။ 

ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်မှာတော့ မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက မြို့ခံ ပြည်သူတွေ အနေနဲ့ ဒီအခြေအနေမျိုးကို ဆောင်းတွင်း တစ်ခုလုံးစာအတွက် မျှော်လင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက ထင်းတွေ၊ စားနပ်ရိက္ခာတွေ စုဆောင်းထားကြဖို့ မြို့ခံတွေကို ပြောပါတယ်။ 

ဆောင်းတွင်းမှာ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေမှု၊ အပူပေးစနစ်တွေ မရှိဘဲ နေထိုင် ဖြတ်သန်းရနိုင်တယ် ဆိုတာကို လက်တွေ့ကျကျ လက်ခံပြီး ကိယက်ဗ် မြို့ခံတွေ ပြင်ဆင်ထားရတော့မယ်လို့ သူက သတိပေးပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ စားသုံးကုန်တွေ၊ ကြာရှည်ခံ အစားအစာတွေ၊ သောက်သုံးရေတွေနဲ့ နွေးထွေးတဲ့ အဝတ်အထည်တွေကို စုစည်းပြင်ဆင်ထားဖို့ ပြည်သူတွေကို တိုက်တွန်းလိုကြောင်း မြို့တော်ဝန်က ဆိုပါတယ်။ 

ယူကရိန်း စစ်ပွဲ ကာလတလျှောက် ပထမဆုံး ကြုံလာတဲ့ ဆောင်းရာသီမှာတော့ တိုက်ပွဲရဲ့ သွင်ပြင်လက္ခဏာတွေဟာ ကွဲပြားခြားနားတဲ့ အပိုင်းတစ်ခုကို စတင် ဝင်ရောက်လာကြောင်း သူက ဆိုပါတယ်။ ကိယက်ဗ်မှာ အအေးဆုံး အချိန်တွေဆိုရင် အပူချိန်က ရေခဲမှတ်အောက် အနုတ် ၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ကျဆင်းတတ်ပါတယ်။ 

ယူကရိန်း အစိုးရနဲ့ NATO စစ်မဟာမိတ် အဖွဲ့တို့က ရုရှားဟာ ယူကရိန်းရဲ့ ဆောင်းတွင်းကာလကို စစ်လက်နက် တစ်ခုအဖြစ် အသုံးချနေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ သူတို့ဟာ ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ဖျက်ဆီးနေကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။