တိုကျို​မြို့စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခ တိုးမြှင့်

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိစစ်ကောင်စီသံရုံးက သက်ဆိုင်ရာနိုင်ငံရဲ့ ငွေတန်ဖိုးအပြောင်းအလဲကြောင့်ဆိုပြီး နိူင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် ပေးသွင်းရမယ့် နှုန်းထားတွေကို တိုးမြှင့်သတ်မှတ်တယ်လို့ ဒီဇင်ဘာ (၁) ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စက်နဲ့ဖတ်စစ်ဆေးရမယ့် သာမန်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် အရင်ယန်း (၃၀၀၀) ကျသင့်ရာကနေ ယန်း (၄၀၀၀) ပေးသွင်းဖို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

အလားတူ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးဒါဏ်ကြေးကိုအရင် ယန်း (၁၀၀၀၀) သတ်မှတ်ထားရာက ယန်း (၁၂၀၀၀) ပေးဆောင်ရမယ်လို့ တိုးမြှင့်လိုက်ပါတယ်။

လက်ရှိပြင်ပငွေလဲနှုန်းတွေအရ ဂျပန်ငွေ တစ်ယန်းကို ကျပ်တစ်ရာနီးပါးရှိတာကြောင့် နိုင်ငံကူးလက် မှတ်သက်တမ်းတိုးခြင်းအတွက် ကျပ်သုံးသိန်း၊ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်းအတွက် ကျပ် ဆယ်သိန်းအထိ ပေးသွင်းရတော့မှာပါ။

အဲ့ဒီကိစ္စတွေအတွက် အရင်ကပေးသွင်းရတဲ့ ငွေပမာဏထက် ကျပ်တသိန်းနဲ့ ကျပ်နှစ်သိန်း အသီး သီး ပိုမိုကုန်ကျရမယ့်သဘော ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်တွင်း နိုင်ငံခြားငွေတန်ဖိုးကို ပြင်ပပေါက်စျေးထက် ချိုးနှိမ်ထားပြီး တခြားနိူင်ငံတစ်ခုမှာ ဖြစ်ပေါ်နေတဲ့ ငွေတန်ဖိုးကိုအကြောင်းပြကာ အခုလို သတ်မှတ်ကြေးတိုးမြှင့်တာဟာ ယုတ္တိမရှိဘူးလို့ ဂျပန်ရောက် မြန်မာ့အရေးလူပ်ရှားသူတဦးက ဝေဖန်ပါတယ်။

“သူတို့ (သံရုံး) ကတော့ စကစ အလိုကျသူတို့အတွက်ဘဲ ကြည့်တတ်တာလေ၊ ပြည်သူတွေကလည်း စကစသံရုံးနဲ့ မပတ်သက်ချင်ဘူး၊ နိုင်ငံကူးလက်မှတ်အရေးကျတော့ တချို့တွေ မပတ်သက်ချင်လည်းပတ်သက်နေကြရတယ်၊ အခုလိုသတ်မှတ်ကြေးတွေတိုးတော့ သွားလုပ်ရမယ့်သူတွေ ငွေပိုကုန်တာပေါ့၊ သူတို့ကပြည်သူတွေအတွက် ဘယ်တုန်းက ကြည့်ဖူးလို့လဲ” လို့ သူကပြောပါတယ်။

ဂျပန်နိုင်ငံမှာ မြန်မာလုပ်သား (၄၅၀၀၀) လောက်ရောက်ရှိလုပ်ကိုင်နေကြပြီး နေ့စဥ်လူရာဂဏန်းလောက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်နေကြရတယ်လို့လည်း အဲဒီနိုင်ငံရောက် မြန်မာ့အရေးလူပ်ရှားသူတွေက ဆိုပါတယ်။