ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခုနှစ်ဦး သေဒဏ်ချမှတ်ခံရ

အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခုနစ်ဦးကို စစ်ကောင်စီက နိုဝင်ဘာ (၃၀) ရက်မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်က DNA ကို အတည်ပြုပြောပါတယ်။

သေဒဏ်ချမှတ်ခံရသူ ခုနစ်ဦးဟာ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက်ဇော်၊ မောင်ဟိန်းထက် ၊ မောင်သက်ပိုင်ဦးနဲ့မောင်ခန့်လင်းမောင်မောင်တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ကမ္ဘာ့ရတနာဘဏ်ခွဲ မန်နေဂျာ ဒုတိယဗိုလ်မှူးကြီးဟောင်း စောမိုးဝင်း ပစ်သတ်ခံရမှုမှာ ပါဝင်ဆက်စပ်နေသူတွေဖြစ်တယ်လို့ အဲ့ဒီလူငယ်ခုနစ်ဦးကိုဖမ်းဆီးပြီးနောက် စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်က ကမ္ဘာ့ရတနာဘဏ် (တောင်ဒဂုံဘဏ်ခွဲ) မန်နေဂျာ ဒုတိယဗိုလ်မှူးကြီးဟောင်း စောမိုးဝင်းဟာ အဲ့ဒီဘဏ်ရှေ့မှာပဲ ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက်သုံးရက်အကြာ ဧပြီ ၂၁ ရက်မှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အဲ့ဒီပစ်ခတ်မှု ကျူးလွန်သူတွေဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို အင်းစိန်ထောင် စစ်ခုံရုံးက ပုဒ်မ ၃၀၂ (က) နဲ့ မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အခု ခုနစ်ဦးအပါအဝင် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ရှစ်ဦးအထိ ရှိနေပြီလို့ သမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းကလည်း ကျောင်းသားသမဂ္ဂအဖွဲ့တဦး သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အာဏာသိမ်းပြီးနောက် နိုဝင်ဘာလကုန်အထိ စစ်ကောင်စီက ဖမ်းဆီးကာ သေဒဏ်ချမှတ်ထားသူ (၄၂) ဦးနဲ့ မျက်ကွယ်ဒေသဏ်ချမှတ်ထားသူ (၈၆) ဦး စုစုပေါင်းသေဒဏ်ချမှတ်ခံရသူ (၁၂၈) ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။