မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၄၀ ၇၉ နဲ့ လမ်း ၈၀ ကြားက မိုဘိုင်းဖုန်းအရောင်းဆိုင် နိုဝင်ဘာ (၃၀) ရက် နေ့လယ်ပိုင်းက လက်နက်ပြ ခြိမ်းခြောက်အနုကြမ်းစီးခံရပြီး ကျပ်သိန်းနှစ်ရာဝန်းကျင် တန်ဖိုးရှိ ဖုန်းတွေနဲ့ ငွေသားတချို့ ဆုံးရှုံးခဲ့တယ်လို့ ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုထူးထူးလွင်က DNA ကိုပြောပါတယ်။
“ဆိုင်ထဲဝင်လာပြီး တစ်ယောက်က သေနတ်နဲ့ဝန်ထမ်းတွေကို ချိန်ထားတယ်၊ ကျန်တဲ့နှစ်ယောက်က မှန်တွေရိုက်ခွဲပြီး ဟန်းဆက်တွေ အကုန်ယူသွားတာ၊ အပြင်မှာသူတို့နဲ့ အတူပါလာတဲ့ တစ်ယောက်က စောင့်နေပေးတယ်လို့လည်း နောက်မှသိရတယ်၊ အချိန်ခဏလေးအတွင်းမှာ ဖြစ်သွားတာ” လို့ သူကပြောပါတယ်။
အနုကြမ်းစီးခံရတဲ့ဆိုင်ဟာ မန္တလေးမြို့က PRO 7 Brand New & Mobile Second Shop ဖုန်းအရောင်းဆိုင်ဖြစ်ပြီး အနုကြမ်းစီးသူတွေက ဖုန်းအလုံးလေးဆယ်ကျော်နဲ့ ငွေသားတချို့ ယူသွားတယ်လို့ သိရပါတယ်။
အနုကြမ်းစီးသူတွေဟာ အမည်မသိ အမျိုးသားလေးဦးဖြစ်ပြီး ပစ္စတို သေနတ်နဲ့ခြိမ်းခြောက်ကာ အနုကြမ်းစီး လုယက်သွားတာဖြစ်တယ်လို့ ကိုထူးထူးလွင်ကပြောပါတယ်။ လုယက်မှုဖြစ်အပြီး နာရီဝက်လောက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေနဲ့ နိုင်ငံအနှံ့မှာ လုယက်သတ်ဖြတ်မှုတွေ များပြားလာသလို ဖုန်းဆိုင်၊ ရွှေဆိုင်၊ Money Changer တွေမှာ အနုကြမ်းလုယက်တာ၊ ဘဏ်ဓားပြတိုက်ခံရတာ စတဲ့ဖြစ်စဉ်တွေ မကြာမကြာ ရှိနေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က ဖုန်းဆိုင်တဆိုင်ကို လူကိုးဦးပါဝင်တဲ့ အဖွဲ့က အနုကြမ်းစီးမှုဖြစ်ခဲ့ပြီး ကျပ်သိန်း (၇၀၀) ကျော် တန်ဖိုးရှိ ဖုန်းအလုံးတရာကျော် လုယက်ခံခဲ့ရပါတယ်။