တရုတ်၊ ရုရှား စစ်လေယာဉ်တွေ ချဉ်းကပ်လာလို့ တောင်ကိုရီးယား တိုက်လေယာဉ်တွေ စောင့်ကြည့်ခဲ့ရ 

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက်နား ချဉ်းကပ်လာတာကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့်ခဲ့ရပါတယ်။ 

တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်က လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ် ဧရိယာထဲကို တရုတ်ရဲ့ H-6 အမျိုးအစား ဗုံးကြဲ လေယာဉ် နှစ်စီးက နိုဝင်ဘာ ၃၀ မှာ အကြိမ်ကြိမ် ဝင်ရောက် ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီလေယာဉ်တွေဟာ အရှေ့ပင်လယ် (ဂျပန်ပင်လယ်)ထဲကို ပြန်လည် ဝင်ရောက်ပြီး အချိန်အတော်ကြာ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး ဌာနက ထုတ်ပြန်ပါတယ်။ 

အဲဒီ တရုတ် ဗုံးကြဲ လေယာဉ်တွေဟာ ရုရှားရဲ့ TU-95 ဗုံးကြဲလေယာဉ်တွေ၊ SU-35 တိုက်လေယာဉ်တွေနဲ့အတူ လေကြောင်း ကာကွယ်ရေးဇုန်ထဲမှာ ၁၈ မိနစ်ကြာ အုပ်စုဖွဲ့ ပျံသန်းနေပြီးတဲ့နောက်မှ ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။ 

ဒီအခြေအနေကြောင့် တောင်ကိုရီးယား စစ်တပ်က တိုက်လေယာဉ်တွေ ချက်ချင်း စေလွှတ်ပြီး လေကြောင်း ကာကွယ်ရေးဇုန်ထဲ ရောက်ရှိနေတဲ့ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေရဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်စေခဲ့တယ်လို့ ပူးပေါင်း စစ်ဆင်ရေး ဌာနက ပြောပါတယ်။ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေဟာ တောင်ကိုရီးယား လေပိုင်နက်ကို ထိပါးကျူးကျော်ခဲ့တာတော့ မရှိပါဘူး။ 

လေကြောင်း ကာကွယ်ရေးဇုန်ဟာ နိုင်ငံတစ်ခုရဲ့ လေပိုင်နက် ပြင်ပမှာ ရှိနေပြီး ပြည်ပ နိုင်ငံတွေက လေယာဉ်တွေ ဝင်ရောက်လာရင် ဘယ်လို ရည်ရွယ်ချက်လဲဆိုတာ စုံစမ်းဖို့ သတ်မှတ်ထားတဲ့ ဧရိယာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့ လေပိုင်နက် မဟုတ်တဲ့အတွက် လေကြောင်း ကာကွယ်ရေး ဇုန်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက တရားဝင် စည်းမျဉ်း သတ်မှတ်ထားတာတွေ မရှိပါဘူး။ 

ရုရှားက တောင်ကိုရီးယားရဲ့ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်မှုကို အသိအမှတ် မပြုသလို တရုတ်ကလည်း ဒါဟာ နိုင်ငံတစ်ခုရဲ့ လေပိုင်နက် မဟုတ်တဲ့အတွက် ဘယ်နိုင်ငံမဆို လွတ်လပ်စွာ ပျံသန်းခွင့် ရှိတယ်လို့ ပြောပါတယ်။ ဂျပန် ပင်လယ်ထဲကို တရုတ် ဗုံးကြဲ လေယာဉ်တွေ ဝင်ရောက်လာချိန်မှာ ဂျပန် လေကြောင်း ကာကွယ်ရေး တပ်ကလည်း တိုက်လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

တရုတ်နဲ့ ရုရှားက သူတို့ရဲ့ စစ်လေယာဉ်တွေဟာ ဒေသတွင်းမှာ ပုံမှန် ပူးပေါင်း စစ်ရေးလေ့ကျင့်ပြီး ပျံသန်းနေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၉ တုန်းက တောင်ကိုရီးယား စစ်လေယာဉ်တွေဟာ တရုတ်နဲ့ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းရာကနေ လေကြောင်းကာကွယ်ရေးဇုန်ထဲ အတော်ကြီး နယ်ကျွံလာတဲ့ ရုရှား စစ်လေယာဉ် တစ်စီးကို သတိပေး ခြောက်လှန့် ပစ်ခတ်မှုတွေ အကြိမ်ပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့ရဖူးတယ်လို့ သိရပါတယ်။