ခေါင်းဆောင် သေဆုံးကြောင်း အိုင်အက်စ် အတည်ပြုပြီး ဆက်ခံသူ အသစ်ကို ကြေညာ

ကမ္ဘာကျော် အိုင်အက်စ် အကြမ်းဖက် အဖွဲ့က သူတို့ရဲ့ခေါင်းဆောင် အဘူ ဟာဆန် အယ်လ် ဟာရှီမီ အယ်လ် ကူရာရှီ သေဆုံးသွားကြောင်း အတည်ပြုခဲ့ပြီး အရိုက်အရာ ဆက်ခံသူကို ကြေညာခဲ့ပါတယ်။ 

တစ်ချိန်က ဆီးရီးယားနဲ့ အီရတ်က နယ်မြေ အများအပြားကို သိမ်းယူပြီး ကမ္ဘာပေါ်မှာ အင်အား အတောင့်တင်းဆုံး ဂျီဟတ် ဝါဒစွဲ အကြမ်းဖက် အဖွဲ့အဖြစ် ရပ်တည်ခဲ့ဖူးတဲ့ အိုင်အက်စ်က သူတို့ရဲ့ ခေါင်းဆောင်ဟာ တိုက်ပွဲမှာ ကျဆုံးသွားတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ 

အီရတ်နိုင်ငံသား တစ်ဦးဖြစ်တဲ့ အိုင်အက်စ် ခေါင်းဆောင်ဟောင်းဟာ အမေရိကန်က အလိုအရှိဆုံး အကြမ်းဖက်သမား တစ်ဦးအဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။ အမေရိကန် စစ်ဘက်ကတော့ သူဟာ အောက်တိုဘာ လလယ်လောက်မှာ သုတ်သင် ရှင်းလင်းခံခဲ့ရတာလို့ ပြောပါတယ်။ 

အိုင်အက်စ် ပြောရေးဆိုခွင့်ရ အရာရှိ အဘူ အိုမာ အယ်လ် မူဟက်ဂျာက အခုအခါ အိုင်အက်စ်ဟာ သူတို့ရဲ့ ခေါင်းဆောင်သစ်အဖြစ် အဘူ အယ်လ်ဟူစိန် အယ်လ် ဟူစိန်နီ အယ်လ် ကူရာရှီကို တင်မြှောက်လိုက်ကြောင်းလည်း ကြေညာသွားပါတယ်။ 

အမေရိကန်ကတော့ အဘူဟာဆန်ဟာ ဆီးရီးယား နိုင်ငံ ပိုင်နက်ထဲက ဒါရာဒေသမှာ ဆင်နွှဲတဲ့ စစ်ဆင်ရေး တစ်ခုအတွင်း သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။ အိုင်အက်စ်ဟာ အကြီးအကျယ် အင်အားဆုတ်ယုတ်သွားပြီ ဖြစ်တဲ့တိုင် အဲဒီဒေသမှာ လှုပ်ရှားနေဆဲလို့ အမေရိကန် စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဂျိုးဘူစီယာနိုက ဆိုပါတယ်။ 

သူတို့ရဲ့ ခေါင်းဆောင် သေဆုံးခြင်းဟာ အိုင်အက်စ် အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။ အိုင်အက်စ်ဟာ နယ်မြေ အများအပြားကို သိမ်းယူပြီး ၂၀၁၄ ခုနှစ်မှာ ကိုယ်ပိုင် အစ္စလာမ်မစ် ထူထောင်ကြောင်း ကြေညာနိုင်တဲ့ထိ အင်အား တောင့်တင်းခဲ့ဖူးပေမယ့် နှစ်ပိုင်းလောက် အကြာမှာတော့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြိုကွဲခဲ့ရပါတယ်။ လက်ရှိ အချိန်ထိတော့ အိုင်အက်စ်ရဲ့ အကြွင်းအကျန် ဆဲလ်တချို့ဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။