အမေရိကန် လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် တက်ရောက်စေမယ့် အနိုင်ဂိုးကို သွင်းပေးခဲ့ပေမယ့် ခရစ္စတီယန် ပူလီဆစ်ဟာ ဒဏ်ရာကြောင့် ဆေးရုံထိ သွားရောက်ခဲ့ရပါတယ်။
အုပ်စု အဆင့်က လွတ်မြောက်ရေးအတွက် အဆုံးအဖြတ် ဖြစ်လာစေတဲ့ အီရန်နဲ့ ပွဲစဉ်မှာ ပူလီဆစ်က အမေရိကန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားဟာ ပွဲချိန် ၃၈ မိနစ်လောက်မှာ အသင်းဖော် ဆာဂျီနိုဒက်စ် ပေးပို့တဲ့ ဘောလုံးကို ဝင်ပိတ်ပြီး အနိုင်ဂိုး သွင်းခဲ့ပေမယ့် အီရန် ဂိုးသမား အလီရာဇာ ဘီရန်ဗန်ကို အရှိန်နဲ့ ဝင်ဆောင့်မိခဲ့ပါတယ်။
ပူလီဆစ်ဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်တို့မှာ ထိခိုက်ခဲ့ဟန် ရှိပေမယ့် ပထမပိုင်း အပြီးထိ အယ်လ်သူမာမာ ကွင်းကြီးထဲမှာ ဆက်ရှိနေခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ သူ့ကို လူစားလဲထုတ်ဖို့ အမေရိကန်အသင်း နည်းပြချုပ် ဂရက် ဘားလ်ဟော့တာက ဆုံးဖြတ်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ပူလီဆစ်ရဲ့ ဝမ်းဗိုက်နဲ့ ခါးရိုးနားက အပြင်းအထန် နာကျင်နေဆဲ ဖြစ်တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း Scanဖတ် စစ်ဆေးမှုတွေ ခံယူခဲ့ရပါတယ်။ အမေရိကန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပူလီဆစ်ဟာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာသာဖြစ်ပြီး ဆေးရုံ မတက်ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၃ ရက်မှာ နာမည်ကြီး နယ်သာလန် အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်အမီ ပူလီဆစ် အပြည့်အဝ ပြန်ကြံ့ခိုင်ဖို့ မသေချာသေးဘဲ အသင်းရဲ့ ဆေးအဖွဲ့က နေ့တိုင်း ဂရုတစိုက် စောင့်ကြည့်နေရဦးမှာပါ။
အမေရိကန်ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစစ်ပွဲတောင် မအောင်ခဲ့ပေမယ့်လည်း အခုနှစ် ကာတာမြေမှာတော့ အထိုက်အလျောက် ခြေစွမ်းပြနေပြီး အီရန်၊ အင်္ဂလန်၊ ဝေးလ်စ်တို့ ပါဝင်တဲ့ အုပ်စုမှာ အုပ်စုဗိုလ် အင်္ဂလန်နဲ့အတူ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ အမေရိကန်ဟာ ၃ ပွဲကစားရာမှာ အီရန်ကို အနိုင်ရပြီး အင်္ဂလန်၊ ဝေးလ်စ်တို့ကို သရေကျခဲ့တာကြောင့် ရှုံးပွဲမရှိ၊ ၅ မှတ်ရပြီး အုပ်စု ဒုတိယ နေရာကနေ နောက်တစ်ဆင့် တက်ခဲ့တာပါ။
အမေရိကန် အသင်းကတော့ ကပ္ပတိန် အမေရိကလို့ ချစ်စနိုး နာမည်ပြောင် ရထားတဲ့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို နယ်သာလန်နဲ့ ပွဲအမီ အဆင်သင့် ဖြစ်နေဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ပူလီဆစ်ဟာ အမေရိကန်အတွက် ၅၅ ပွဲမှာ ၂၂ ဂိုးထိ သွင်းယူပေးထားနိုင်သူလည်း ဖြစ်ပါတယ်။