ရုရှားဟာ ဥရောပတိုက်ရဲ့ အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို ဆက်လက် ထိန်းချုပ်ထားနိုင်စွမ်း မရှိလောက်တော့ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ ဇာပိုရစ်ဇီရာ ဒေသမှာရှိတဲ့ ဓာတ်အားပေး စက်ရုံကြီးဟာ ဥရောပ တစ်တိုက်လုံးမှာ အရွယ်အစား အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံအဖြစ် သတ်မှတ် ခံထားရပြီး လောလောဆယ်မှာတော့ ရုရှားတပ်တွေ ထိန်းချုပ်တာ ခံထားရပါတယ်။
ဒါပေမဲ့ ယူကရိန်း တပ်တွေဟာ ဇာပိုရစ်ဇီရာ နယ်စပ်နားထိ ဆက်တိုက် ထိုးဖောက်လာနေနိုင်ပြီး မကြာခင် စက်ရုံထဲက ရုရှားတပ်တွေ ဆုတ်ခွာပေးရလိမ့်မယ်လို့ ဇီလန်စကီးက ခန့်မှန်းခဲ့ပါတယ်။
ရုရှားတွေဟာ နျူကလီးယား ဓာတ်အားပေး စက်ရုံကနေ သေချာပေါက် ဆုတ်ခွာရမှာဖြစ်ကြောင်း၊ အချိန်နဲ့အမျှ သူတို့ရဲ့ ခံစစ်စွမ်းရည်က အကျဖက် ဦးတည်လာနေပြီး ရုရှား နယ်စပ်ဖက် ပြန်ဆုတ်ခွာဖို့ ဖိအားပေး ခံနေရကြောင်း ဇီလန်စကီးက ဆိုပါတယ်။
အဲဒီ ဓာတ်အားပေး စက်ရုံကြီးဟာ စစ်ပွဲကာလတလျှောက် အငြင်းပွားစရာ အခြေအနေတွေ အကြုံရဆုံး နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ စက်ရုံ ပရဝုဏ်နဲ့ စက်ရုံ အနီးတဝိုက်မှာ ဒုံးကျည်တွေ၊ အမြောက်ဆန်တွေ ကျရောက် ပေါက်ကွဲဖူးတာကြောင့် ဆိုးရွားတဲ့ မတော်တဆ ယိုစိမ့်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂကပါ သတိပေးခဲ့ရပါတယ်။ ဒီလို ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရန်းတို့က အပြန်အလှန် အပြစ်ဖို့ စွပ်စွဲခဲ့ကြပါတယ်။
လောလောဆယ်မှာ ဓာတ်အားပေး စက်ရုံရဲ့ လုပ်ငန်း လည်ပတ်မှုကို ရုရှား အက်တမ် စွမ်းအင် ကုမ္ပဏီ Rosatomက တာဝန်ယူထားပေမယ့် အဲဒီကုမ္ပဏီမှာ အခုလို လုပ်ပိုင်ခွင့်မျိုး လုံးဝ မရှိကြောင်း ယူကရိန်းဖက်က သတိပေးထားပါတယ်။
လတ်တလောမှာတော့ ရုရှားစစ်တပ်က ဓာတ်အားပေး ကွန်ရက်နဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း နိုင်ငံအနှံ့မှာ ဆိုးဆိုးရွားရွား ဓာတ်အား ပြတ်တောက်မှုတွေ ကြုံနေရပါတယ်။ ဇာပေါ်ရစ်ဇီရာက ဓာတ်အားပေး စက်ရုံဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တွက်ချက်ရင်တောင် အရွယ်အစား အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံတွေထဲမှာ ပါဝင်နေပြီး ယူကရိန်း တစ်နိုင်ငံလုံးစာ ဓာတ်အား သုံးစွဲမှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ထောက်ပံ့ပေးနေကြောင်း သိရပါတယ်။