ခေါင်းစဉ်ကိုဖတ်ပြီး ဒီကိုရင့်နှယ် ဂျီဆဲဗင်း၊ ဂျီအိတ်၊ ဂျီတွမ်တိတွေနဲ့ မှားရေးလိုက်ပြန်ပြီလို့ အပြစ်မတင်လိုက်ကြပါနဲ့ဦး။ ဂျေတူးမှ ဂျေတူးစစ်စစ် ထိပ်သီးဆွေးနွေးပွဲပါ။ မမှားပါဘူး။
အခုက G ဆိုတဲ့ Group ကို ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲမျိုးမဟုတ်ဘဲ J ဆိုတဲ့ Japu (ဂျပု) ကို ကိုယ်စားပြုထားတဲ့ ဆွေးနွေးပွဲဖြစ်လို့ပါ။ ဒီလောက်ဆို သဘောပေါက်ကြပြီထင်ပါတယ်။ ဒါဆိုလည်း ဘာလို့ ‘တူး’ရတာလဲလို့ သိချင် ပြန်တယ် မဟုတ်လား။ ဟုတ်ကဲ့ … တူးဆိုမှတော့ ဂျပုက နှစ်ယောက်မလို့ပေါ့။ ရှင်းအောင်ထပ်ရှင်းရရင် ဂျပု နှစ်ယောက်တွေ့ကြတဲ့ ဆွေးနွေးပွဲပါ။
ဟ … ဆွေးနွေးပွဲလည်းဆိုသေး မင့်ဟာက နှစ်ယောက်တည်းလားလို့ မေးချင်ပြန်သေးမဟုတ်လား။ ဟုတ်ကဲ့ … တကယ်တော့ လုပ်ချင်တာက တစ်ကမ္ဘာလုံးနဲ့ပါ။ ဒါပေမယ့် ဘယ်သူ့ ဘယ်သူကမှ သူတို့နှစ်ယောက်ကို လက်မခံ တာမို့ ကျန်နေရစ်တဲ့ အနှီအထီးကျန်နှစ်ယောက်ပေါင်းလုပ်တဲ့ ဆွေးနွေးပွဲဖြစ်တာမို့ပါ။ တစ်ကမ္ဘာလုံးက တစ်ဖက်၊ သူတို့နှစ်ယောက်က တစ်ဖက်ပေါ့။
ဟ … ဒါဆိုလည်း ဘာလို့ ထိပ်သီးက ပါလာရပြန်တာလဲလို့ မေးဦးမယ်မဟုတ်လား။ ဟုတ်ကဲ့ … အခု ‘ဂျေတူး’ မှာတော့ ထိပ်သီးဆိုတာ ကြီးကျယ်ခမ်းနားမှု၊ ကြီးမားမှုကို ကိုယ်စားပြုတာမဟုတ်ဘဲ ဟိုလူက ထုလိုက်၊ ဒီလူက နှက်လိုက်နဲ့ အထုအထောင်းအနှက်ခံရလို့ ထိပ်မှာ ဘုသီးတွေ အသီးသီးထွက်နေသူနှစ်ယောက် ဆွေးနွေးကြတဲ့ပွဲ မို့လို့ ထိပ်သီးဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ရတာပါ။ အခုလောက်ဆို ကိုရင့်ရဲ့ ဂျေတူး ထိပ်သီးဆွေးနွေးပွဲဆိုတာကို နားလည်သဘောပေါက်ကြပြီထင်ပါတယ်။ အဲဒီဂျပုထိပ်သီးနှစ်ယောက် ဘယ်သူတွေ ဖြစ်မလဲဆိုတာလည်း ရိပ်စား မိကြလောက်ရောပေါ့။
ဟုတ်ကဲ့ပါ။ အခုကျင်းပမယ့် “ဂျေတူး ထိပ်သီးဆွေးနွေးပွဲ”ဆိုတာဟာ ကမ္ဘာ့ခေါင်းရှောင်ကြီး ဗလာဒီမှာဟိုမှာပူတင် နဲ့ မြန်မာ့ခေါင်းချောင်ကြီး ဗလာဒီမှာဟိုမှာမအလတို့ “ဂျပု”နှစ်ဦးတည်း သီးသန့် ပါဝင် တက်ရောက် ဆင်နွှဲ ကျင်းပ မယ့် ဆွေးနွေးပွဲကြီးပဲဖြစ်ပါတော့တယ်။
ဟုတ်ကဲ့။ အခုလို ဘယ်သူ့ဘယ်သူမှမပါ နှစ်ယောက်တည်း သီးသန့်ဆွေးနွေးပွဲကြီးဖြစ်ရတာကတော့ ကိုရင့် မိတ်ဆွေများ ကြိုတင်သိရှိထားပြီးဖြစ်တဲ့ ဘယ်သူ့ဘယ်သူကမှ အဖက်မလုပ်၊ အရေးအရာမသွင်းတာကြောင့် အနှီ အပုနှစ်ယောက်တည်း သီးသန့်ထိပ်သီးဆွေးနွေးပွဲဆိုတာ ဖြစ်လာရတာပါပဲ။
ပြောရဦးမယ်။ ဗလာဒီမှာဟိုမှာပူတင်ဟာ အခုသုံးနှုန်းလိုက်တဲ့ ကမ္ဘာ့ခေါင်းရှောင်ကြီးဆိုတဲ့ဘွဲ့ကို အလကား သက်သက်၊ အချိုအချောင်နဲ့ ရလာခဲ့တာတော့မဟုတ်ပါဘူး။ သူဟာ ယူကရိန်းကို စစ်မက်ပြုပြီးတဲ့နောက် တစ် ကမ္ဘာလုံးရဲ့ နှပ်ပစ်ခြင်းကို ခံလာရတာမို့ ဟိုပွဲလည်း မတက်၊ ဒီပွဲလည်းမတက်၊ ဟိုပွဲလည်း ရှောင်၊ ဒီပွဲလည်း ရှောင်နဲ့ မျက်နှာမပြရဲ၊ ပွဲမထွက်ရဲလို့ ပွဲတွေရှောင်လာရာကနေ ရလာခဲ့တဲ့ ဂုဏ်ထူးဝိသေသပဲဖြစ်ပါတယ်။ ပွဲရှောင်ကိုယ် တော် ကမ္ဘာ့ခေါင်းရှောင်ကြီးပေါ့။
အဲ… မြန်မာ့ခေါင်းချောင်ကြီး ဗလာဒီမှာဟိုမှာမအလကရောဆိုရင်တော့ပြောရရင် အရှည်ကြီးဖြစ်လိမ့်မယ်။ ဒီတော့ အတိုချုပ်ပြောရမယ်ဆိုရင် မွေးရာပါ ဦးနှောက်အဆံချောင်ရာကနေ ဒီနာမည်တွင်လာ၊ ဒီဂုဏ်ထူးဝိသေသရလာ တာပါပဲ။ ဒီအမည်ကို အထူးတွင်စေခဲ့တာကတော့ လူလုံးမလှ အပူလုံးကြွဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်း ပွဲကြီးကနေ စတာပေါ့။ ရာထူးအာဏာနဲ့ ထိုင်ခုံမက်ပြီးသကာလ အပူလုံးကြွလာရာကနေ အဆံချောင်နေတဲ့ ဦးနှောက်ကို အသုံးချ၊ သူနဲ့အတူ အဆံချောင်ကြသူများ ဝိုင်းကြဝန်းကြရင်း ဖြတ်လမ်းနည်းကိုသုံးလို့ အတင်းအဓမ္မ အာဏာသိမ်းခဲ့ရာကနေ မြန်မာ့ခေါင်းချောင်ကြီးရယ်လို့ ဖြစ်လာခဲ့တာပေါ့။ အနှီနှစ်ယောက်သားရဲ့ နာမည်ဂုဏ် သတင်းဖြတ်သန်းမှုကြီးကတော့ သမိုင်းတစ်ခွင်မှာ သြချရလောက်တယ်မဟုတ်လားခင်ဗျား။
ကဲ … ဒီဂျေတူး ထိပ်သီးဆွေးနွေးပွဲကို စီရင်ကျင်းပမယ့်သူတို့အကြောင်းကို သိရှိခဲ့ပြီးဖြစ်တော့ နောက်ထပ် ဒီထိပ်သီး ဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးသွားကြမလဲဆိုတာကို စိတ်ဝင်စားကြပြန်တယ် မဟုတ်လား။
အနှီထိပ်သီးဆွေးနွေးပွဲကနေ အဓိကထား ဆွေးနွေးကြမှာကတော့ “အထီးကျန်ခြင်းလက်စွဲ”ဆိုတဲ့စာအုပ် နှစ် ယောက်ပေါင်း ထုတ်ဝေဖြန့်ချိမယ့်ကိစ္စ၊ “ဘယ်သူအဖက်လုပ်လုပ် မလုပ်လုပ် ငါတို့နှစ်ယောက်တည်း အဖက်လုပ်” ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ အပတ်စဉ်-လစဉ် ပြုလုပ်ကျင်းပသွားမယ့်ကိစ္စ၊ ဒီမိုကရေစီနဲ့ အနိုင်ကျင့်၊ ဒေါ်လာနဲ့ အနိုင်ကျင့်၊ ဆွေးနွေးပွဲတွေ၊ တွေ့ဆုံပွဲတွေနဲ့ အနိုင်ကျင့်၊ ဓမ္မနဲ့အနိုင်ကျင့်သူတို့ကို ဘယ်လိုခြေထိုး အနိုင်ယူကြမလဲ ဆိုတဲ့ကိစ္စတို့အပြင် (၁၄) ရက်အတွင်း အရပ်ရှည်နည်းနဲ့ အက်ပီတမ် တကယ်စွမ်းသလားဆိုတဲ့အကြောင်းအရာ ခေါင်းစဉ်တွေကလည်း အပုထိပ်သီးနှစ်ဦး ဆွေးနွေးပွဲထဲက ခေါင်းစဉ်ပေါင်းများစွာထဲမှာ အထူးထည့်သွင်း ဆွေးနွေး ကြမယ့် ခေါင်းစဉ်တွေအဖြစ် ပါဝင်လာကြမှာဖြစ်ပါတယ်။
အနှီအထီးကျန်နှစ်ယောက်ရဲ့ ဂျေတူး ထိပ်သီးဆွေးနွေးပွဲဆိုတော့ ဘယ်သူ့ဘယ်သူမှ အားမပေးကြဘူးလို့ မထင် လိုက်ပါနဲ့။ အနှီထိပ်သီးဆွေးနွေးပွဲကို အားပေးဖို့ စာရင်းသွင်းထားသူတွေရှိပါတယ်။ သူတို့ကတော့ ဇော်မဲလုံး ဦးဆောင်တဲ့ သတင်းမီဒီညာသမားများ၊ ခင်ရီဦးဆောင်တဲ့ ငါးထောင်စားများ၊ ဘူးလက် ဦးဆောင်တဲ့ သတ်မတော် ထောက်ခံသူ ဘော်တော်မများ၊ ဂူဂူနဲ့ ဝီဝီဦးဆောင်တဲ့ စိန်နားကပ်အရောင်နဲ့ ပါးပြောင်ကြသူများစတဲ့ ဆိုင်ရာ ဆိုင်ရာ အဖွဲ့အဖွဲ့အလိုက်က စာရင်းသွင်းထားကြပြီး ဆွေးနွေးပွဲကျင်းပမယ့် ဒီနေ့မှာတော့ ကိုယ်စီကိုယ်စီ ဖျာလိပ် လေးတွေ ပိုက်လို့ ဆွေးနွေးပွဲကျင်းပမယ့် နေပူတော်က ဖွတ်ပါတီဌာနချုပ်ရှိ ခန်းမဆောင်ရှေ့မှာ ကြိတ်ကြိတ်တိုး လို့နေကြပါတယ်။
ဒီလို ကြိတ်ကြိတ်တိုးနေကြတာလည်း အကြောင်းရှိပြန်ပါတယ်။ ဇစ်မြစ်ကတော့ ဒီလို အထီးကျန်နှစ်ယောက်ရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာသူတိုင်း သမီးပျံချီ၊ သားပျံချီ၊ သမက်ပျံချီ၊ ချွေးမပျံချီဆိုတဲ့ ဘွဲ့တံဆိပ်တွေ အသီးသီးပေးအပ်ချီးမြှင့်သွားမယ်လို့ မြန်မာ့ခေါင်းချောင်ကြီး ဗလာဒီမှာဟိုမှာမအလက အဆံချောင်ဦးနှောက်ကို အသုံးချလို့ ကြိုတင်မောင်းခတ်ကြေညာထားတာကြောင့်ပါတဲ့။ ။
ကိုရင်နွေဦး