ဧရာဝတီတိုင်းက အမတ်နှစ်ဦးကို မြဝတီခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်

ဧရာဝတီတိုင်း မြောင်းမြမြို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်နဲ့ အိမ်မဲ ၊ ဝါးခယ်မ မြို့နယ်တွေရဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၉)ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့ကို ဒီနေ့မှာပဲ ကရင်ပြည်နယ် မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် ၂၆ ချမှတ်လိုက်တယ်လို့ သူတို့ရဲ့ မိတ်ဆွေတဦးက DNA ကိုပြောပါတယ် ။
“ နိုင်မှ လွတ်မှာဆိုတော့ ကျွန်မတို့ကတော့ နိုင်ဖို့ကိုပဲ မျှော်လင့်နေတာပဲရှင့် ။ ကျန်တာကတော့ အများကြီး မမျှော်လင့်ရဲပါဘူး ။ အထဲမှာ ကျော်ဖြတ်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတာ”လို့ ပြောပါတယ် ။
အကြမ်းဖျက်မှု တိုက်ဖျက်ရေး ဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၅၂ (က) အတွက် ၄ နှစ် ၊  ၅၀(က) အတွက် ၁၁ နှစ် ၊ ၅၀(ည)အတွက် ၁၁နှစ် ၊ ရာဇသတ်ကြီးဥပဒေအရ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ၂၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကို တပေါင်းတည်းကျခံဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် စုစုပေါင်း ၂၆ နှစ် ကျခံဖို့ တရားသူကြီးက နှစ်ဦးစလုံးကို ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ကိုဝေလင်းအောင် နဲ့ ဒေါက်တာပြည့်ဖြိုးတို့ကို ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်မှာ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပြီး တနှစ်နီးပါးအကြာမှာ အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့တာပါ ။
“အဲဒီနေ့က စစ်ကြောင်းပုံစံနဲ့ ကိုဝေလင်းအောင်တို့ အိမ်ကိုသွားတယ် ။ နောက်တကြောင်းက ကားနဲ့ လေးကေသုဿန်နားက ခြံကိုလာတယ် ။ အဲဒီက ၁၂ ယောက်ပါသွားတယ် ။ လူငယ်တွေချည်းပဲ ဧည့်သည်ဖျာပုံသားတယောက်ပါတယ် ။ကိုဝေလင်းအောင်တို့ကတော့ ရှောင်မလို့ လုပ်နေရင်း ကားပေါ်မှာ မိတာပေါ့ ။ သူနဲ့ ဆရာဝန်အမတ်တယောက်ပါသွားတယ်(ဒေါက်တာပြည့်ဖြိုး) ။သူတို့နဲ့အတူနေတဲ့ သံတွဲအမတ်ကတော့ လွတ်သွားတယ် ။ နောက် ဟင်္သာတ အုပ်စုလည်း ပါသွားတယ်”လို့ လေးကေ့ကော်မှာနေထိုင်ခဲ့ကြတဲ့ ကိုဝေလင်းအောင်နဲ့ ရင်းနှီးတဲ့ ဧရာဝတီတိုင်းသားတဦးက ဒီဇင်ဘာ ၁၄ ရက်နေ့ ဖြစ်စဉ်ကို ပြန်ပြောပြပါတယ် ။
မြောင်းမြပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုဝေလင်းအောင် နဲ့ အမျိုးသားလွှတ် မဲဆန္ဒနယ် အမှတ်(၉)က ဒေါက်တာ ပြည့်ဖြိုးတို့ကို ဖမ်းခေါ်သွားပြီး ပထမ ၃ လအတွင်းမှာ စစ်ကြောရေးအတွင်း နှိပ်စက်အကြမ်းဖက်မှုတွေကြောင့် ကျန်းမာရေးချို့တဲ့ခဲ့ပြီး လက်တလောအချိန်မှာတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပြီလို့ သူ့ရဲ့ မိတ်ဆွေက ပြောပါတယ်။ မြဝတီတရားရုံးက အမှုတွေကို အပြီးသတ် အမိန့်တွေ ချမှတ်ပြီးချိန်မှာ ဘယ်ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ထားမယ်ဆိုတာကို မိသားစုဝင်တွေက အခုထိ မသိရသေးဘူးလို့ ဆိုပါတယ် ။
“အခု (မြဝတီကနေ) ဘယ်ကိုဆက်ပို့မယ်ကိုတော့ မကြားသေးဘူး ။ ကျွန်မတို့လည်း စုံစမ်းနေရတယ် ။ ပုံမှန် ဆိုလို့ရှိရင်တော့ သူတို့တွေက အမှန်တော့ တရားရုံးက အမိန့်ချပြီဆိုတာနဲ့ ထောင်ကြီးချုပ်ကို ပို့ရမှာလေ ။ မြဝတီအခြေအနေကတော့ ရှေ့လူတွေကို အဲဒီလိုမျိုး မပို့ဘူးပေါ့နော် ။ နှစ်ရက် ၊ သုံးရက်လောက်တော့ စောင့်ကြည့်တယ်လို့ ပြောတဲ့အတွက် အဲဒီအခြေအနေကို စောင့်ကြည့်နေပါတယ်”လို့ သူ့ မိတ်ဆွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက အတည်ပြုခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့ပြီး အနိုင်ရ ဒီချုပ်အမတ်တွေကို ဖမ်းဆီးသတ်ဖြတ်တာ ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက “အခုလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အမတ်တွေကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချပြီး မကြာခင်မှာ သူတို့က ဦးဆောင်ပြီးရွေးကောက်ပွဲလုပ်မယ်ဆိုတာကတော့ ဒီကရေစီကို ပျက်ရယ်ပြုနေတယ်လို့ မြင်တယ်”ဆိုပြီး မှတ်ချက်ပြုပါတယ် ။