ရန်ကုန်မှာ မီးမမှန်လို့ CNG ဆိုင်တွေမှာ ကားတွေနေ့တစ်ပိုင်းကျော်ကြာ တန်းစီစောင့်ဆိုင်းနေရ

ရန်ကုန်မြို့မှာလျှပ်စစ်မီး နာရီနဲ့ချီ ပြတ်တောက်မှုတွေ ဖြစ်နေတာကြောင့် CNG သဘာဝဓါတ်​ငွေ့ အရောင်းဆိုင်တွေမှာ ကားတွေနေ့တပိုင်းကျော်အကြာ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

CNG ဆိုင်တွေဟာ လျှပ်စစ်မီးလာချိန်မှာသာ ရောင်းပေးပြီးမီးပျက်တဲ့ အချိန်တွေမှာ အရောင်းရပ်ထားလေ့ရှိတာကြောင့် ကားတွေအချိန်မီဂတ်စ်ဖြည့်ဖို့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုစောင့်ဆိုင်းရတာကြောင့် CNG ဆိုင်တွေမှာ ကားတန်းရှည်တွေ နေ့စဥ်ဖြစ်ပေါ်နေပြီး ပြေးဆွဲချိန်ထက် ဂတ်စ်ဖြည့်ဖို့ စောင့်ဆိုင်းရတဲ့အချိန် ပိုများနေတယ်လို့ ယာဥ်​မောင်း​တွေကဆိုပါတယ်။

“မနက်ရှစ်နာရီကနေ တန်းစီစောင့်လိုက်တာ နေ့လည် ၁ နာရီကျော်မှ ကိုယ့်အလှည့်ရောက်တယ်၊ ဖြည့်တော့လည်း လေပေါင်မပြည့်လို့ အကြာကြီးဆွဲမရဘူး” လို့ တောင်ဥက္ကလာပမြို့နယ်က တက္ကစီယာဥ်မောင်းတဦးက ပြောပါတယ်။

အဲဒီလို ဂတ်စ်ဖြည့်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရတာကြောင့် ဘတ်စ်ကားတွေလည်း စီးရေအပြည့်မပြေးဆွဲနိုင်ဘူးလို့ YBS (၃၇) ယာဥ်လိုင်းက ယာဥ်မောင်းတဦးက ဆိုပါတယ်။

YBS ယာဥ်လိုင်းတခုကို ပုံမှန်အားဖြင့် အစီးသုံးဆယ်လောက် လမ်းကြောင်းပြေးဆွဲနိုင်ရင် လက်ရှိမှာတော့ နှစ်ဆယ်လောက်ကသာ ပြေးဆွဲနိုင်ပြီး ကျန်ဘတ်စ်ကားတွေကတော့ ဂတ်စ်ဆိုင်မှာ တန်းစီနေကြရတယ်လို့ သူကပြောပါတယ်။

အဲဒီလို ဂက်စ်ဖြည့်ဖို့ အချိန်ပိုပေးနေရတာကြောင့် ယာဥ်မောင်းတွေအတွက် ငွေရှာချိန်နည်းပြီး ဝင်ငွေကျဆင်းနေတယ်လို့လည်း ယာဥ်မောင်းတွေက ဆိုပါတယ်။

“ဂတ်စ်ဖြည့်ပြီးရင် အုံနာကြေးရအောင် မနည်းရှာရတယ်၊ အိမ်စရိတ်ရဖို့က မသေချာဘူး၊ ကြာရင်ကားပြန်အပ်ရတော့မယ်” လို့ တက္ကစီယာဥ်မောင်းတဦးက ပြောပါတယ်။

လက်ရှိရန်ကုန်မြို့မှာ လျှပ်စစ်မီးက ကြိုတင်ကြေညာထားတာမရှိ၊ ပုံမှန်မရှိဘဲ ပျက်ချင်သလိုပျက်နေပြီး တစ်ခါပျက်ရင် လေးနာရီထက်မနည်း ကြာတတ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

နွေရာသီမရောက်ခင်မှာဘဲ အခုလိုလျှပ်စစ်မီးမကြာခဏ၊ နာရီနဲ့ချီပျက်နေတဲ့အပေါ် ပြည်သူ​တွေအကြားဝေဖန်မူတွေ မြင့်တက်နေသလို လာမယ့်နွေရာသီကာလမှာ အခုထက်ပိုဆိုးလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။