ဒဂုံဆိပ်ကမ်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးပစ်သတ်ခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၈၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းနဲ့အဖွဲ့ကို ဒီကနေ့ နိုဝင်ဘာ (၂၈) ရက်မနက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တဲ့အတွက် သုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

အဲ့ဒီရပ်ကွက်မှာ ဆောက်လုပ်နေဆဲ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ရာအိမ်မှူးတဦးနဲ့အတူ လာရောက်ကြည့်ရှုချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး သူတို့နှစ်ဦးအပြင် ဦးကျော်သန်းရဲ့ယာဥ်မောင်းဖြစ်သူပါ ပစ်ခတ်ခံရကာ သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော့အထင် ဦးကျော်သန်းကို လာပစ်တာဗျ၊ အဝေးကနေ အရင်ပစ်တာ၊ အဲ့ဒါကို ဦးကျော်သန်းက ခုံအနောက်မှာ အကာအကွယ်ယူလိုက်တော့ ပစ်တဲ့သူက သူ့အနားအထိ လာပစ်တာ၊ ကျန်တဲ့ရာအိမ်မှူးနဲ့ ယာဥ်မောင်းက လာပစ်တဲ့သူတွေကို ဖမ်းဖို့လုပ်လို့ တစ်ခါတည်း ပစ်သွားတာလို့တော့ ကြားတယ်” လို့ အဲ့ဒီရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်ခံရသူသုံးဦးကို အရေးပေါ်လူနာတင်ယာဥ်နဲ့ သယ်သွားပြီး စစ်ကောင်စီတပ်တွေကလည်း ပစ်ခတ်မှုဖြစ်တဲ့ အနီးဝန်းကျင်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက လမ်းမကြီးတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးကို ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လာရောက်လုပ်ဆောင်ခဲ့တယ်ဆိုတာကို မသိရသေးသလို ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။