အနည်းဆုံးအခကြေးငွေ​ နှုန်းထားပြင်ဆင်မယ်လို့ စစ်ကောင်စီ အသံလွှင့်

အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ဖိနှိပ်ချိုးဖောက်ခံရမှု ပိုဆိုးရွားလာတယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ အနည်းဆုံး လုပ်ခလစာအခကြေးငွေ နှုန်းထားကို ပြင်ဆင်သတ်မှတ်ဖို့ စီစဥ်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီဝန်ကြီးဌာနရဲ့ ခြောက်လပတ်အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ရာမှာ တတိယအကြိမ် အနည်းဆုံးအခကြေးငွေနှုန်း သတ်မှတ်ဖို့စီစဥ်နေတယ်လို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်းကပြောကြောင်း စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအရေးလှုပ်ရှားသူတွေ ဖိနှိပ်ခံရတာ၊ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်ဖွဲ့စည်း ရပ်တည်ခွင့်မရအောင် ဥပဒေပြင်ဆင်တာတွေရှိပေမယ့် အ နည်းဆုံး လုပ်ခလစာနှုန်းကိုတော့ ပြင်ဆင်မယ်လို့ ဆိုလာတာပါ။

မြန်မာနိုင်ငံမှာလက်ရှိ အလုပ်သမားတွေရရှိနေတဲ့ အနည်းဆုံးအခကြေးငွေဟာ တရက် (၄၈၀၀) ကျပ်ဖြစ်ကာ အဲဒီနှုန်းထားကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနှုန်းအတိုင်းလက်ခံကျင့်သုံးနေတာ ငါးနှစ်နီးပါးရှိနေပါပြီ။

အနည်းဆုံး အခကြေးငွေနှုန်းထားအသစ်ကို ၂၀၂၀ မေလမှာ ပြင်ဆင်သတ်မှတ်ဖို့ လုပ်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးတွေကျဆင်းလို့ဆိုပြီး ရွှေ့ဆိုင်းခဲ့သလို့ စစ်အာဏာသိမ်းမူဖြစ်ပေါ်ခဲ့တာကြောင့်လည်း နှုန်းထားသစ်ပြင်ဆင်သတ်မှတ်ဖို့ ထပ်မံကြန့်ကြာခဲ့တယ်လို့အလုပ်သမားအရေး လူပ်ရှားသူတွေက ပြောပါတယ်။

“အခြေအနေတွေကြောင့် နှုန်းထားသစ် မသတ်မှတ်နိုင်ချိန်တွေမှာ အလုပ်သမားတွေက ခေတ်ကာလ ကုန်စျေးနှုန်းနဲ့ မကိုက်ညီတဲ့လုပ်ခနဲ့ ခက်ခက်ခဲခဲရုန်းကန်နေကြရတာ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက ပြောပါတယ်။

အနည်းဆုံး အခကြေးငွေနှုန်းထားကို နှစ်နှစ်တကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ပြဌာန်းထားပေမယ့် တရက်လုပ်ခ (၄၈၀၀) ကျပ်သတ်မှတ်ပြီး ငါးနှစ်ကြာတဲ့အထိ နောက်ထပ်နှုန်းထားအသစ် သတ်မှတ်ကျင့်သုံးဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

အခုစစ်ကောင်စီက နှုန်းထားအသစ်သတ်မှတ်ဖို့လုပ်တာဟာ အလုပ်သမားထုအကြား သူတို့ပုံရိပ်ကောင်း ပြသလိုတာကြောင့်လည်း ဖြစ်နိုင်ပေမယ့် အလုပ်သမားတွေအတွက်တော့ လိုအပ်နေတဲ့ အရာဖြစ်တယ်လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းပြီးနောက် တနှစ်ဝန်းကျင်အကြာ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အနည်းဆုံးလုပ်ခလစာကို ကျပ် (၄၈၀၀) ကနေ ကျပ် (၃၆၀၀) အဖြစ် ပြင်ဆင်လျှော့ချဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။

အခု စစ်ကောင်စီက အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်ဖို့လုပ်နေတယ်လို့သာ ထုတ်ပြန်ထားပြီး တိုးမှာလား၊ လျှော့ချမှာလားဆိုတဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အလုပ်သမားတွေကတော့ အနည်းဆုံးလုပ်ခလစာကို တရက်လုပ်ခ ကျပ် (၈၀၀၀) အထိ တိုးမြှင့်သတ် မှတ်ပေးဖို့ တောင်းဆိုမှုတွေရှိ နေပါတယ်။

အဲ့ဒီလို တောင်းဆိုတာကြောင့် ပုဂ္ဂလိက စက်ရုံတချို့က အလုပ်သမားတွေ အလုပ်ထုတ်ခံရတာတွေလည်း ရှိနေပါတယ်။ အနည်းဆုံး လုပ်ခတိုးပေးဖို့ အောက်တိုဘာလကုန်ပိုင်းမှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်သမား သုံးဆယ်လောက် အလုပ်ထုတ်ခံခဲ့ရပါတယ်။