ခရိုင်းမီးယားမှာ ရုရှားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန် ဒရုန်း ပညာရှင် တချို့ကို ယူကရိန်း သုတ်သင်

ခရိုင်းမီးယားမှာ ရုရှား စစ်သားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန် ဒရုန်းပညာရှင် တချို့ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း ယူကရိန်း အစိုးရက အတည်ပြုခဲ့ပါတယ်။ 

ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ယူကရိန်းရဲ့ ပိုင်နက် ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ် ကတည်းက ရုရှားတပ်တွေ အဓမ္မ ကျူးကျော် သိမ်းယူထားတာ ဖြစ်ပါတယ်။ ရုရှားစစ်တပ်ဟာ အီရန်ရဲ့ စျေးသက်သာပြီး ဖေဖောသီသီ ထုတ်လုပ်ဖို့ အဆင်ပြေတဲ့ ဖောက်ခွဲရေး ဒရုန်းတွေ အများအပြားကို မှာယူပြီး ယူကရိန်း စစ်မြေပြင်မှာ အသုံးပြုနေပါတယ်။ အဲဒီအတွက် ခရိုင်းမီးယားမှာ အီရန် ဒရုန်း ပညာရှင်တွေက သွားရောက် အခြေစိုက်ပြီး ရုရှား စစ်သားတွေကို သင်တန်း ပေးနေပါတယ်။ 

ယူကရိန်းရဲ့ အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး အိုလက်ဆီ ဒါနီလော့ဗ်က ခရိုင်းမီးယားမှာရှိတဲ့ အီရန် ဒရုန်းပညာရှင်တချို့ကို ယူကရိန်းက စစ်ဆင်ရေးတွေ ပြုလုပ်ပြီး ရှင်းလင်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အီရန်တွေ အနေနဲ့ မရှိသင့်တဲ့ နေရာမှာ ရှိမနေကြဖို့လည်း သူက သတိပေးခဲ့ပါတယ်။ 

အီရန် နိုင်ငံသား တချို့ဟာ မဖိတ်ခေါ်ဘဲ ယူကရိန်း နိုင်ငံ ပိုင်နက်ထဲ ရောက်နေခဲ့တာ ဖြစ်ကြောင်း၊ ပြီးတော့ အကြမ်းဖက် ရုရှားနဲ့ ပူးပေါင်းပြီး ယူကရိန်းကို ဖျက်ဆီးဖို့ ကြံစည်နေတယ်ဆိုရင် ယူကရိန်းကလည်း သူတို့ကို သုတ်သင် ရှင်းလင်းပစ်ရမှာပဲဖြစ်ကြောင်း ဒါနီလော့ဗ်က ဆိုပါတယ်။ 

အီရန် ဒရုန်း ပညာရှင်တွေဟာ ခရိုင်းမီးယား အခြေစိုက် ရုရှားစစ်သားတွေကို အီရန်လုပ် Shahed-136 ဒရုန်းတွေ မောင်းနှင်နည်းအတွက် သင်တန်းပေးနေတာလို့လည်း ဒါနီလော့ဗ်က ပြောကြားသွားပါတယ်။ အီရန်ကတော့ ယူကရိန်း စစ်ပွဲအတွက် ရုရှားကို ဒရုန်းတွေ ရောင်းချပေးနေတယ်ဆိုတဲ့ အမေရိကန်နဲ့ ယူကရိန်းရဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုနေပြီး လက်ရှိ ရုရှားတွေ အသုံးပြုနေတာဟာ စစ်ပွဲ မတိုင်ခင် ကတည်းက အီရန်ဆီက ဝယ်ယူထားတဲ့ ဒရုန်းတွေသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။