အီရန်အလံကို ပြင်ဆင်ဖော်ပြခဲ့တဲ့ အမေရိကန် ဘောလုံးအသင်းကို ဖီဖာဆီ အီရန် အရေးဆို တိုင်ကြား 

နိုင်ငံအလံက အစ္စလာမ်မစ် ပြည်ထောင်စု သင်္ကေတကို ဖြုတ်ပြီး လူမှုကွန်ရက်ပေါ် ပို့စ်တင်ခဲ့တဲ့ အမေရိကန် အသင်းကို အီရန်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ အရေးဆို တိုင်ကြားခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၈ ရက်မှာ ကစားမယ့် အီရန်နဲ့ အမေရိကန်ရဲ့ ကမ္ဘာ့ဖလား ပွဲစဉ် မတိုင်ခင်မှာ အမေရိကန် ဘောလုံးအသင်းက ပွဲစဉ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို Facebook၊ Twitterနဲ့ Instagramတို့မှာ တင်ခဲ့ပြီး အီရန် အလံရဲ့ အလယ်က တံဆိပ်ကို ဖယ်ရှားထားခဲ့တာ ဖြစ်ပါတယ်။ 

ဒီလုပ်ရပ်ဟာ အီရန်မှာ အခြေခံ လူ့အခွင့်အရေးတွေအတွက် ဆန္ဒပြ တိုက်ပွဲဝင်နေတဲ့ အီရန် အမျိုးသမီးတွေကို ထောက်ခံ ရပ်တည်ကြောင်း ပြသတဲ့ သဘောထား ဖြစ်တယ်လို့ အမေရိကန် ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ အီရန်မှာ ဘာသာရေးရဲတွေ လက်ချက်ကြောင့် အသက် ၂၂ နှစ်အရွယ် မိန်းကလေး မာဆာ အမီနီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း နိုင်ငံအနှံ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အင်အား အလုံးအရင်းနဲ့ ဖြစ်ပေါ်နေပါတယ်။ 

အမေရိကန် ဘောလုံး အဖွဲ့ချုပ်က အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ အလံကို စည်းလွတ်ဝါးလွတ် ပြင်ဆင် ပြောင်းလဲနေတာဟာ ပရော်ဖက်ရှင်နယ် မပီသတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အီရန် အစိုးရပိုင် IRNA သတင်းဌာနက ဝေဖန်သွားပါတယ်။ နောက်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အီရန် ဘောလုံး အဖွဲ့ချုပ်ကလည်း ဖီဖာဆီ အီးမေးလ်ပေးပို့ တိုင်ကြားထားတယ်လို့ IRNAက ဆိုပါတယ်။ 

နောက်ပိုင်းမှာတော့ အမေရိကန် ဘောလုံးအသင်းက လူမှုကွန်ရက် ပို့စ်တွေမှာ အီရန်ရဲ့ အလံပုံ အမှန်နဲ့ ပြန်လည် အစားထိုး ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရန်က ဆန္ဒပြနေတဲ့ အမျိုးသမီးထုကို ထောက်ခံ ရပ်တည်တဲ့ သဘောထားကတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အီရန် ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက သံတမန် ဆက်ဆံရေး ရပ်စဲခဲ့ကြပြီး ဒီနေ့ထိလည်း ခါးသီးတဲ့ ရန်ဘက် အစိုးရတွေအဖြစ် ရပ်တည်နေကြပါတယ်။