ခင်ဦးမှာ တပတ်အတွင်း ရွာသားကိုးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ့်တဦးသေဆုံး

အခုနိုဝင်ဘာတလလုံး စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေမှာ နိုဝင်ဘာ ၁၅ ရက်စလို့ ဒီကနေ့အထိ ဒေသခံရွာသား ၉ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းစုစည်းထားသူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့ အခုတပတ်ထဲမှာပဲ ကျေးရွာပေါင်း ၁၂ ရွာကအိမ်ခြေပေါင်း ၈၀၀ ကျော်ဟာလည်း မီးလောင်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ဒါ့အပြင် စစ်ကြောင်းပြန်ထွက်ချိန်မှာလည်း ကျေးရွာတွေမှာ မြေမြှပ်မိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့ကိုလည်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မှာဆိုရင်လည်း ရွှေပြည်သာကျေးရွာရဲ့ အရှေ့ဘက်က ရွာသစ်ကျေးရွာအနီးမှာ စစ်တပ်က ထောင်ထားတဲ့မိုင်းကြောင့် နွားတကောင် မိုင်းနင်းမိပြီး သေဆုံးခဲ့တာကြောင့် မိုင်းအန္တာရာယ်ကိုလည်း ဒေသခံတွေက စိတ်ပူနေကြပါတယ်။

“ဒီနေ့ (နိုဝင်ဘာ ၂၇) မှာတော့ ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းတစ်လျှောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အင်အား ၁၆၀ လောက် အသင့်နေရာယူထားတာ တွေ့ရတယ်။ ကင်းပုန်းဝပ်နေတာတွေလည်းရှိတယ်။ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ခင်ဦး-ရေဦး ကားလမ်းဘေးမှာရှိတဲ့ ဂွေးကုန်းရွာကို မီးရှို့ဖျက်ဆီးတယ်” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကခင်ဦးနယ်ထဲမှာ ဆက်ဖြစ်နေတဲ့အခြေအနေကို DNA ကို ပြောပါတယ်။

လက်ရှိခင်ဦးနယ်ထဲမှာ စစ်ကောင်စီအင်အား ၃၀၀ လောက်ဟာ ဆက်ပြီးစစ်ကြောင်းထိုးနေဆဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

“ငါတို့အဖြစ်က ရွာထဲကို ဝင်လိုက်ထွက်လိုက်နဲ့ လုံးချာလည်နေပြီ။ သူတို့(အကြမ်းဖက်စစ်တပ်)လာရင် ပြေးလိုက်ရ၊ ပုန်းလိုက်ရနဲ့ ဒီဒုက္ခတွေ ဘယ်တော့မှကျွတ်မယ်မသိဘူး။ ရွာတွေကိုဝင်ရင်လည်း တွေ့ရာပစ္စည်းယူပြီး အိမ်တွေကို မီးတိုက်ပစ်ထားခဲ့သေးတယ်။ အခု သူတို့မရှိတော့လို့ ကိုယ့်ယာအလုပ်လေး ထွက်လုပ်မယ်ရှိသေး မိုင်းထောင်ထားခဲ့တယ်တဲ့။ ကောင်းကြသေးရဲ့လား” လို့ စစ်ရှောင်တောင်သူတစ်ဦးက DNA ကို ပြောပါတယ်။