(အီဂေါ ဗလာဇဗစ်ရဲ့ ဖေ့ဘုတ်ပေ့ချ်မှာ ဖော်ပြတဲ့ SMALL WARNING: BE CAREFUL ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံက ချစ်ခင်ရပါတဲ့ မိတ်ဆွေ သူငယ်ချင်းများ ခင်ဗျား။ ဒီနေ့ အချိန်အခါ ကာလမျိုးမှာ ခင်ဗျားတို့ အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ တင်တဲ့ပို့စ်တွေ၊ ထပ်ဆင့်တင်တဲ့၊ ဝေမျှတဲ့ ပို့စ်တွေနဲ့ ပတ်သက်ရင် သတိထားကြပါ။ ကိုယ့်ရဲ့မှတ်ချက် (Comment)တွေမှာ ဘာတွေ ရေးသလဲ၊ ဘယ်လို ရေးသလဲ ဆိုတာကို သတိချပ်ကြပါ။ လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလူတွေနဲ့ အငြင်းအခုံ ဖြစ်ခဲ့သလဲ၊ အဲဒီအတွက် ကိုယ်တိုင်က စိတ်ခံစားချက်တွေ ဘယ်လောက်ထိ နှစ်မြှုပ်မိခဲ့သလဲ ဆိုတာတွေကို နှစ်ခါပြန် ဆန်းစစ်ကြပါ ခင်ဗျား။
မကြာသေးခင် ရက်ပိုင်းလောက်က ဆိုပါတော့။ အကျဉ်းချထားရာက ပြန်လွှတ်ပေးလိုက်တဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါလာပြီဆိုတဲ့ သတင်းတွေက ရုရှားမီဒီယာတွေမှာ စတင် တွေ့ရှိလာရတယ်။ သေချာတာပေါ့။ ဒါက တကယ့် သတင်းအမှားကြီးပဲလေ။ ဒါပေမဲ့ အခုအခါ မြန်မာနိုင်ငံက လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် သိပ်မကြာခင် ပြန်လွတ်လာတော့မယ်ဆိုတဲ့ ကောလာဟလတွေ ပိုမိုထူထပ်လာနေတာကို တွေ့နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်ချင်လည်း လွတ်မယ်၊ လွတ်ချင်မှလည်း လွတ်မယ်။ ဒါပေမဲ့ ပထမဆုံး နားလည်ထားရမှာက သူဟာ ဘယ်တုန်းကမှ ဖမ်းဆီးအကျဉ်းချ ခံရတာမျိုး မဖြစ်သင့်ခဲ့ဘူး။ တကယ်တမ်းမှာ သူနဲ့ တခြားနိုင်ငံရေး အကျဉ်းသားအားလုံးက ဘာနှောင့်နှေး ကြန့်ကြာမှုမှ မရှိဘဲ ချက်ချင်း ပြန်လွတ်သင့်နေပြီ။
ဒါပေမဲ့ သူ့ကို ခုချက်ချင်းပဲ ပြန်လွှတ်ပေးတော့မယောင် သတင်းတုတွေ ထွက်ပေါ်လာတာကတော့ ရုရှား စစ်ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ ရိုးရာဟန် စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းမျိုး သုံးနေတယ်လို့ ကျွန်တော် ယူဆပါတယ်။ အမြဲတမ်း မှတ်မှတ်ထင်ထင် ရှိသင့်တာက ရုရှားမှာ သွားရောက် လေ့ကျင့် သင်တန်းတက်ခဲ့တဲ့ လူငယ်မျိုးဆက် စစ်တပ် အရာရှိ အရေအတွက်က နည်းနည်းနောနော မဟုတ်ဘူး ဆိုတာပါပဲ။
နောက်ပြီး ရုရှားက မြန်မာ စစ်အာဏာရှင်တွေကို လောလောဆယ် အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရုရှားဟာ ယိုယွင်း ကျဆင်းနေတဲ့ စစ်အာဏာရှင်တွေကို ထောက်ပံ့ ကူညီပေးရတာကို သဘောကျပါတယ်။ ရည်ရွယ်ချက်ရှိရှိ သတင်းမှား ဖြန့်တာ၊ သူ့လူကိုယ့်ဖက်သားဆန်ဆန် စိတ်နှစ်ခွဖြစ်စေမယ့် စိတ်ဓာတ် စစ်ဆင်ရေးတွေသုံးပြီး ချဉ်းကပ်တာတွေဟာ ရုရှား စစ်တပ်ရဲ့ ပညာတော်သင်တွေ အားအသန်ဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူလူထုရဲ့ အုံကြွ ဖီဆန်မှုတွေကို ရှင်သန် ကျော်လွှားနိုင်အောင် အာဏာရှင်တွေ လက်ကိုင်ထားတဲ့ အကြံပြုချက် တစ်ခုလည်း ဖြစ်ပါတယ်။
သတင်းအမှားဖြန့်တဲ့ လှုပ်ရှားမှုတွေမှာ ပြူးတူးပြဲတဲ သတင်းထူးကြီးတွေကို တမင်တကာ ဖွလိုက်တာမျိုးက ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခုပါပဲ။ အဲဒီ သတင်းအမှားဟာ လူမှုကွန်ရက် တစ်ခု၊ ဒါမှမဟုတ် တချို့မှာ စပြီး ပေါ်လာမယ်။ နောက်တော့ အဲဒီ သတင်းအတုကိုပဲ အခြေခံပြီး နောက်ထပ် လူမှုကွန်ရက်တွေမှာ မူကွဲတွေ၊ သံတူကြောင်းကွဲ ဘာသာပြန်မှုတွေနဲ့ ဆက်ပြီး ပျံ့နှံ့သွားစေမယ်။ အဲဒီလို သတင်းအမှားမျိုး လူပြောများသွားတယ် ဆိုတာက နည်းမှန်လမ်းမှန်အတိုင်း ဖြစ်သွားတာ မဟုတ်ပါဘူး။ အကောင့်တုတွေ၊ Botတွေနဲ့ အခကြေးငွေပေးပြီး ပျံ့နှံ့နိုင်စွမ်း မြှင့်တင်ထားတဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ တွန်းအားပေးလိုက်တာ ဖြစ်ပါတယ်။
အရေးကြီးတာ တစ်ခုက ကနဦး စဖြန့်လိုက်တဲ့ သတင်းတုအပေါ် မူတည်ပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ လိုရာဆွဲထားတဲ့ မူကွဲတွေပါ ပျံ့နှံ့သွားတတ်တယ် ဆိုတာပါပဲ။ အဲဒီအခြေအနေတွေက ဗုံးတွေ ခွဲဖြန့်ပြီး ကြဲချလိုက်သလို နေရာစုံမှာ သက်ရောက် ပေါက်ကွဲစေတယ်။ လိုသလို အမျိုးမျိုးဆွဲယူပြီး ခေါင်းစဉ်တပ်ထားတဲ့ အထူးသတင်းတွေဟာ မတူညီတဲ့ လူမှုကွန်ရက် အဝန်းအဝိုင်းတွေထဲ တိုးဝင်ကုန်တယ်။
အဲဒီနောက် အဲဒီ ကွဲပြားတဲ့ အသိုက်အဝန်းတွေကြားမှာ အချင်းချင်း ရန်ဖြစ်ကုန်ကြတယ်။ ရည်ရွယ်ချက်ရှိရှိ သတင်းမှား ဖြန့်ဝေခြင်းရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်ကလည်း အဲဒီအခြေအနေပါပဲ။ မယုံကြည်မှု၊ သဘောထား ကွဲလွဲမှု၊ ဒေါသနဲ့ အပြန်အလှန် မုန်းတီးမှုတွေကို ဖြန့်ဝေဖို့ပဲ ဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေမှာ မြန်မာ စစ်အာဏာရှင်တွေဟာ အရမ်း အားလျော့ပြီး ပျော့ကွက်တွေ များပြားလာပါတယ်။ သူတို့ဟာ ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းဖို့အတွက် ကျေးရွာတွေကို ဗုံးကြဲတာ၊ မီးရှို့တာတွေကို သွေးရူးသွေးတမ်း လုပ်ဆောင်နေတယ်။ မြို့တွေမှာ လူထုကို နေအိမ်တွေကနေ အတင်းဖယ်ထုတ်တာ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေလည်း လုပ်နေပြန်တယ်။ ဒါပေမဲ့ စစ်အာဏာရှင် လက်အောက်ခံ တပ်တွေဟာ နေ့တိုင်းနေ့တိုင်း သွေးထွက်သံယို ဖြစ်နေတယ်။
စစ်သားတွေ၊ စစ်စခန်းတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်တိုက် ဆုံးရှုံးနေရတယ်။ ရခိုင်ကနေ ကချင်ပြည်နယ်ထိ၊ ကချင်ပြည်နယ်ကနေ တနင်္သာရီတိုင်းအထိ စစ်ဆင်ရေးတွေ ဖြန့်ကျက်နေရတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ ဖြန့်ကျက်ထားဖို့အတွက် မြန်မာစစ်တပ်မှာ လုံလောက်တဲ့ စွမ်းရည်မျိုး ရှိမနေပါဘူး။
ဒီတော့ စစ်အာဏာရှင်တွေ လောလောဆယ် လိုအပ်တာက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (ERO)တွေနဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)တို့ကြား၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီကြားမှာ အပြန်အလှန် မယုံကြည်တဲ့ မျိုးစေ့တွေ ကြဲပေးနိုင်ရေးပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မယောင်ယောင် သတင်းမှား ဖြန့်ဝေခြင်းမှာ အရမ်းရှင်းလင်းတဲ့ ရည်ရွယ်ချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား အင်အားစုတွေကြားမှာ သွေးကွဲအောင် သပ်လျှိုဖို့ပါပဲ။
တကယ်လို့ NLDနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြားမှာ အပြန်အလှန် မယုံကြည်မှုတွေ ပြန်လည် နိုးထ တောက်လောင်လာပြီ ဆိုတာနဲ့ စစ်အာဏာရှင်တွေက အပြုံးတုတွေ ဝေဝေဆာဆာ ဆင်မြန်းရင်း တိုင်းရင်းသား အင်အားစုတွေကို သိမ်းသွင်းဖို့ ချဉ်းကပ်ပါလိမ့်မယ်။ အခုဆိုရင် စစ်အာဏာရှင်တွေရဲ့ ငြိမ်းချမ်းရေး စေတမန်ဆိုတဲ့ အစုအဖွဲ့တွေက နောက်ကွယ်မှာ အတော်လေး ခြေရှုပ်နေကြပါပြီ။ မြန်မာစစ်တပ် လိုချင်တာက သူတို့ စီမံတဲ့ ရွေးကောက်ပွဲကို (ဒါလည်း သတင်းအချက်အလက် အမှားတွေနဲ့ လှည့်စားခြယ်လှယ်တဲ့ လုပ်ရပ် တစ်ခုပါပဲ) တိုင်းရင်းသား အင်အားစုတွေ လက်ခံ ပါဝင်လာအောင် ဆွဲဆောင်ဖို့ ဖြစ်ပါတယ်။ အဲဒီအခါမှာ စေတနာ မမှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် သဘောတူညီမှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကို မက်လုံးပေးပါလိမ့်မယ်။
အားလုံး သိထားပြီးသား ဖြစ်တဲ့အတိုင်း တိုင်းရင်းသား မျိုးနွယ်စုတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူမှု အသင်းအဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အပေါ် လုံလောက်တဲ့ ပွင့်လင်းမြင်သာမှုမျိုး၊ ထည့်သွင်းစဉ်းစားမှုမျိုး မရှိခဲ့ဘူးဆိုတဲ့ ခံစားချက်မျိုး ပြင်းပြင်းပြပြ ရှိနေကြပါတယ်။ အဲဒီလို တွေးဖို့၊ အဲဒီလို ခံစားမိဖို့ သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေလည်း ရှိပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတော့မယ် ဆိုတာမျိုး သတင်းတုတွေကို ဖောက်ခွဲလိုက်ခြင်းအားဖြင့် စိတ်ခံစားချက် လှိုင်းတွေကို လှုပ်ခတ်အောင် သက်ရောက်စေပါလိမ့်မယ်။ ကြိုးကိုင် စီမံတဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စိတ်ဓာတ်ရေးရာ ကစားပွဲတွေမှာ သိပ်ကို ကောင်းမွန်တဲ့ အခင်းအကျင်းမျိုး အနေနဲ့ပေါ့။
ဒါကြောင့် မိတ်ဆွေများ အနေနဲ့ ဒီနေ့ အချိန်အခါ ကာလမျိုးမှာ ခင်ဗျားတို့ အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ တင်တဲ့ပို့စ်တွေ၊ ထပ်ဆင့်တင်တဲ့၊ ဝေမျှတဲ့ ပို့စ်တွေနဲ့ ပတ်သက်ရင် သတိထားကြပါ။ ကိုယ့်ရဲ့မှတ်ချက် (Comment)တွေမှာ ဘာတွေ ရေးသလဲ၊ ဘယ်လို ရေးသလဲ ဆိုတာကို သတိချပ်ကြပါ။ လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလူတွေနဲ့ အငြင်းအခုံ ဖြစ်ခဲ့သလဲ၊ အဲဒီအတွက် ကိုယ်တိုင်က စိတ်ခံစားချက်တွေ ဘယ်လောက်ထိ နှစ်မြှုပ်မိခဲ့သလဲ ဆိုတာတွေကို နှစ်ခါပြန် ဆန်းစစ်ကြပါ ခင်ဗျား။