ဇလွန်မြို့ စိုက်ပျိုးရေးဘဏ်ခွဲရှေ့မှာ ပေါက်ကွဲမှုဖြစ်

ဧရာ၀တီတိုင်း၊ ဇလွန်မြို့၊ လမ်းမတော် မြောက်ရပ်ကွက်က လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲရှေ့မှာ နိုဝင်ဘာ (၂၅) ရက် မနက် ၆ နာရီကျော်က ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“အသံကအတော် ကျယ်တယ်၊ ရပ်ကွက်ထဲကအချို့အိမ်တွေ တုန်တောင်သွားတယ်၊အဆောက်အဦး လည်း မပျက်စီးဘူး၊ ထိခိုက်တာ သေတာလည်း မရှိဘူး၊ မနက် ၆ နာရီဝန်းကျင်ဆိုတော့ ဘဏ်ကလည်း မဖွင့်သေးတော့ လူသွားလူလာက ကျဲတယ် ” လို့ ဇလွန်မြို့ခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် မကြာမီမှာပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေရောက်လာပြီး လမ်းတွေကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖောက်ခွဲမှုကို ဧရာညီနောင် မြို့ပြပြောက်ကျားအဖွဲ့နဲ့ ဇလွန်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇလွန် (ပကဖ) တို့ ပူးပေါင်းပြီးသတိပေးဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ နိုဝင်ဘာ (၂၆) ရက် ဒီကနေ့မှာဧရာညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်သူအများ ခက်ခဲကျပ်တည်းနေချိန် မှာ တောင်သူလယ်သမားတွေအပေါ် ငဲ့ညှာမှုမရှိဘဲ ချေးငွေ တွေ အတင်းအကျပ် ပြန်ပေးဆပ်ခိုင်းနေတာကြောင့် ဇလွန်မြို့နယ် စိုက်ဘဏ်ကို သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

“ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ ဘေးကင်းလုံခြုံရာ နေရာကို ပြန်ရောက်နေပြီ” လို့ အဲ့ဒီတပ်ဖွဲ့က ဆိုပါတယ်။

ဒေသခံ ပြည်သူတွေဆီက အဓမ္မ ဖိအားပေး အခွန်အခ ကောက်ခံနေတဲ့ စည်ပင်ရုံး၊ မီတာရုံး၊ အခွန်ရုံး နဲ့ အခြားစစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေကိုလည်း တပါတည်း သတိပေးလိုက်တာ ဖြစ် တယ်လို့ ဧရာညီနောင် မြို့ပြပြောက်ကျားအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါရှိပါတယ်။

ဇလွန်မြို့ စိုက်ပျိုးရေးဘဏ်ရှေ့မှာ အခုနှစ် မတ်လ ၂၈ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ဖူးပြီး အဲ့ဒီတုန်းကလည်း အဆောက်အအုံ ပျက်စီးတာ၊ လူထိခိုက်သေဆုံးတာတွေ မရှိဘူးလို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။