မုံရွာ-စစ်ကိုင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်း တရက်တည်း အကြိမ်နှစ်ဆယ် ဝန်းကျင် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ စစ်ကိုင်းမြို့ကိုသွားတဲ့ လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက နိုဝင်ဘာ (၂၅) ရက်တရက်တည်းမှာပဲ အကြိမ် (၂၀) ဝန်းကျင်အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မုံရွာကနေစစ်ကိုင်းကို ကြေးနီတွေ သယ်လာတဲ့ ကားဆယ်စီးပါ စစ်ကောင်စီယာဉ်တန်းကို မနေ့က မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လမ်းတလျှောက် ဒေသခံကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီစစ်ယာဉ်တန်းကို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ People’s army to fight directorship အဖွဲ့က တရက်တည်း မိုင်းအလုံးသုံးဆယ်လောက်နဲ့ ငါးကြိမ်တိုက်ခိုက်ရာမှာ ကားမှောက်သွားလို့ စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုတေဇာက ပြောပါတယ်။

ဒါ့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာကို လုံခြုံရေးလာယူတဲ့ ခြေလျင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ငါးဦးထပ်မံသေဆုံးတယ်လို့ သူကဆိုပါတယ်။

မြင်းမူမြို့ အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Black Eagle Defense Force-MMU အဖွဲ့ကလည်း စစ်ကိုင်းဘက်ကလာတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ လေယာဉ်ဆီတင်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က အထိအခိုက်များနိုင်ပါတယ်၊ လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်တာတွေချည်းပဲဆို တော့ ကားတွေကတော့ လမ်းဘေးထိုးရပ်သွားတာတို့ လဲတာလို့ ရှိတယ်၊ မနေ့က ညနေပိုင်းမှာ မုံရွာဘက်ကနေ စခကားကြီးတစ်စီးနဲ့ ကရိန်းတစ်စီး လာကြိုတယ်ပြောတယ်” လို့ Black Eagle Defense Force-MMU အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကိုင်း-မုံရွာလမ်းပိုင်းကို မနေ့က ဖြတ်သန်းသွားလာခဲ့တဲ့ ဒေသခံတချို့ကတော့ အဲ့ဒီလမ်းပိုင်းမှာ မနေ့က ဖောက်ခွဲတိုက်ခိုက်မှုတွေရှိခဲ့တာကို အတည်ပြုပေမယ့် ထိခိုက်သေဆုံးမှုတွေကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။

“လမ်းဘေးကားထိုးရပ်ပြီး ဝမ်းလျားမှောက်နေရတာ၊ မသေတာကံကောင်းတယ်၊ မဖြစ်လို့သာ အဲ့ဒီလမ်းက သွားရတာ ကိုယ့်ဘေးထကွဲမှာက ကြောက်သေးတာ” လို့ မုံရွာ-စစ်ကိုင်းလမ်းကို မနေ့က ဖြတ်သန်းခဲ့ပြီး ဖောက်ခွဲတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက DNA ကို ပြောပါတယ်။

စစ်ကိုင်း-မုံရွာလမ်းပိုင်းတလျှောက် မြို့တွေမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေပြီး အဲ့ဒီလမ်းတလျှောက် ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တာတွေ မကြာမကြာရှိနေတာပါ။