လောင်းလုံးမြို့ ညောပြင်ရွာကိုစစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ရွာခံနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၂၅) ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ လောင်းလုံး ဒေသခံတွေနဲ့ မြို့ခံတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။

“ပစ်သတ်ခံရတဲ့လူဆိုရင် စစ်ကြောင်းထိုးဝင်လာတဲ့အခါမှာ သူကပုန်းနေတယ်လို့ပြောတယ်၊ ပုန်းနေတော့ ထွက်လာခဲ့ဆိုပြီး ခေါ်ထုတ်တယ်၊ သူကလည်း ကျေကျေလည်လည်ပဲ ထွက်လိုက်သွားတယ်၊ အဲ့လိုထွက်လာပြီးမှ သူတို့ကတစ်ခါတည်းပစ်သတ်ခဲ့တာ” လို့ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၄၀) ကျော်ပါတဲ့စစ်ကြောင်းဟာ ညောပြင်ကျေးရွာကို မနက် ခြောက်နာရီ ဝန်းကျင်မှာ ဝင်ရောက်လာခဲ့ပြီး ရွာထဲရှိနေသူတွေကို ရွာသင်္ချိုင်းကုန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နှစ်ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်သတ်ဖြတ်ခံရသူတွေဟာ စိတ်ကျန်းမာရေးမကောင်းတဲ့အပြင် မသန်စွမ်းသူတစ်ဦးလည်းဖြစ်တဲ့ အသက်နှစ်ဆယ်ကျော်အရွယ် မောင်သိန်းလွင်နဲ့ အသက် ၄၀ ခန့်ရှိ ဦးကျော်စိုးတို့ ဖြစ်တယ်လို့သိရပါတယ်။ ဦးကျော်စိုးမှာ ၆ လအရွယ် သမီးငယ်နဲ့ဇနီး ကျန်နေခဲ့ပြီး လက်ရှိမှာ ကျန်ခဲ့တဲ့ မိသားစုကတော့ အကူအညီ လိုအပ်နေတယ်လို့လည်း ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အဲ့ဒီရွာခံတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စခန်း ရှိ၊မရှိ ရိုက်နှက်မေးမြန်းတဲ့အပြင် နေအိမ်တချို့ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်သားတွေဟာ နေအိမ်တွေက ပိုက်ဆံနဲ့ တန်ဖိုးရှိပစ္စည်းတချို့အပြင် ရွာခံတွေရဲ့ ဆိုင်ကယ်ကိုးစီးကိုလည်း မတရားလုယူသွားတယ်လို့ ဆိုပါတယ်။

အခုလို ညောပြင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်တာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထားဝယ်ကနေ ကျောက်နီမော် ကျေးရွာကို ရေလမ်းကလာနေတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“ပျူစောထီးရဲ့တပည့်တွေလို့ပြောတာပေါ့၊ ဒီဘက်က ရှင်းလိုက်တယ်ပေါ့၊ အဲ့ဒါကို ၂၅ ရက်နေ့မှာ ရွာသားတွေကို လက်စားချေတဲ့အနေနဲ့ ပစ်သတ်တာလားတော့ မသိဘူးပေါ့” လို့ လောင်းလုံးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

ညောပြင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး အကြမ်းဖက်လုယက် ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေဟာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ စခန်းချနေထိုင်တဲ့ ပျူစောထီးနဲ့ စစ်ကောင်စီ တပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။